BREAKING
March 19, 2025

ကန့်​ကွက်မှုများရှိနေသော်လည်း ထိုင်းက မြန်မာ ၂၅၀ ကို နေရပ်ထပ်ပို့

March 19, 2025

စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေသဖြင့် နေရပ်ပြန်ပို့မှုကို ကန့်ကွက်​နေကြသော်လည်း ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၂၅၀ ဦးကို ယနေ့ (မတ်လ ၁၉ ရက်) ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်သည်။

ယနေ့ နံနက် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၂၅၀ ဦးကို ကော့သောင်းမြို့သို့ လွှဲပြောင်းပေးခဲ့ကြောင်း ရနောင်းလဝကက ဖော်ပြသည်။

နေရပ်ပြန်ပို့စဉ် ရနောင်းအာဏာပိုင်များနှင့်အတူ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးမိုးဇော်လည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသားများကို ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ဟု ဖော်ပြထားချက်အရသိရသည်။

နေရပ်ပြန်ပို့ခံရသော မြန်မာနိုင်ငံသား ၂၅၀ ဦးတွင် အမျိုးသား ၂၁၆ ဦး၊ အမျိုးသမီး ၃၄ ဦးပါဝင်ပြီး ၎င်းတို့ထဲတွင် အလုပ်သမားများ၏ ကလေးငယ် ၅ ဦးလည်း ပါဝင်သည်။

ပြန်ပို့ခံရသူအများစုမှာ အသက် ၁၈ နှစ်မှ ၄၅ နှစ်အရွယ်များဖြစ်ကြပြီး ၎င်းတို့၏ မျက်နှာများတွင် စိုးရိမ်​မှုများကို မြင်တွေ့ရကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများကို စစ်မှုထမ်းဥပဒေအရ ဖမ်းဆီးခေါ်ဆောင်မှုများရှိနေသဖြင့် ထိုင်းနိုင်ငံထဲ ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများကို နေရပ်ပြန်မပို့ရန် ထိုင်းတက်ကြွလှုပ်ရှားသူများနှင့်အတူ တက္ကသိုလ်ပညာရှင်များက တိုက်တွန်းနေသော်လည်း ထိုင်းအစိုးရဘက်က ထပ်မံလွှဲပြောင်းလိုက်ခြင်းဖြစ်သည်။

နေရပ်ပြန်ပို့ခံရသော မြန်မာနိုင်ငံသားများကို စစ်ကောင်စီက စစ်မှုထမ်းရန် ဖမ်းဆီးမှုများရှိနေသည်ကို ရနောင်းလဝကအရာရှိများက သိသော်လည်း အစိုးရအမိန့်အရ ပြန်ပို့နေရကြောင်း ပြောဆိုသည်ဟု ရနောင်းအခြေစိုက် မိတ္တသဟာရ နာရေးကူညီမှုအသင်းထံမှ သိရသည်။

ယခင်က အလုပ်သမားအဖွဲ့အစည်းများက ရနောင်းထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများကို သွားရောက်ကူညီခွင့်ရှိသော်လည်း နောက်ပိုင်းတွင် ကူညီခွင့်မရတော့ကြောင်း အသင်းထံမှ သိရသည်။

၂၀၂၄ ခုနှစ်အတွင်း ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်အထိ ရှိခဲ့ပြီး မြန်မာနိုင်ငံသား ၂၀၀၅ ဦးအထိ ပြန်လည်ပို့ဆောင်ခဲ့သလို ယခုနှစ် ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦးနှင့် ယခုထပ်မံလွှဲပြောင်းခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီကလည်း နေရပ်ပြန်လည်ပို့ဆောင်လာသူများကို စစ်မှုထမ်းအသက်တွင် အကျုံးဝင်ပါက ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်မှုထမ်း စုဆောင်းခံရသူများထံမှ သိရသည်။

Ref: ข่าวระนองby นักข่าวเทวดา, AEC TV