အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ခေါင်းဆောင် အာတာအူလ္လာ (Ataullah Abu Ammar Jununi) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာအနီးတွင် အထူးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။
ဒါကာမြို့အနီးရှိ Narayanganj မြို့တွင် မတ်လ ၁၇ရက်ညက အာတာအူလ္လာအပါအဝင် ခြောက်ဦးကို တစ်နေရာနှင့် ကျန်လေးဦးကို တစ်နေရာ ဘင်္ဂလားဒေ့ရှ် မှုခင်းနှိမ်နင်းရေးအထူးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီး အကြမ်းဖက်မှုများ လုပ်ဆောင်မှုတို့ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြချက်အရသိရသည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသမီးသုံးဦးနှင့် ကလေးတစ်ဦးပါဝင်ကြောင်း ဆိုသည်။
ပါကစ္စတန်နိုင်ငံဖွား အသက် ၄၈နှစ်အရွယ် အာတာအူလ္လာသည် ကုတာပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင် တစ်ဦးဖြစ်သည့် Muhibullah သတ်ဖြတ်ရန် အမိန့်ပေးခိုင်းစေမှု၊ ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေးဝါး အထူးနှိမ်နင်းရေး အရာရှိ တစ်ဦးကို သတ်ဖြတ်မှုတွင် ပါဝင်သည်ဟု သံသယရှိသူဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
အာတာအူလ္လာအပါအဝင် ဖမ်းဆီးထားသူများကို တရားရုံးတွင် ၁၀ ရက် ချုပ်ရက်ရမန် ယူထားကြောင်း ဆိုသည်။
အာဆာအဖွဲ့သည် ၂၀၁၇ ခုနှစ်က မောင်တောခရိုင်ရှိ နယ်ခြားစောင့်စခန်းများကို တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကို မြန်မာစစ်တပ်က ပြန်လည်တုံ့ပြန်ရာတွင် ရိုဟင်ဂျာ ခုနစ်သိန်းခွဲကျော် နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် အာဆာအဖွဲ့က ရာဇဝတ်မှုများကျူးလွန်ထားကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားရေးအဖွဲ့တစ်ခုဖြစ်သည့် Fortify Rights က မတ်လ ၁၈ရက်တွင် ထုတ်ပြန်ထားသည်။
ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအပေါ် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ၏ သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် အခြားပြင်းထန်သာ ချိုးဖောက်မှုများကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် နိုင်ငံတကာ ယန္တရားများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ဖော်ပြသည်။