BREAKING
March 19, 2025

စစ်ကောင်စီတပ်မှပစ်သည့် လက်နက်ကြီးကြောင့် ဇီးကျရွာတွင် သားအဖနှစ်ဦးဒဏ်ရာရ

March 19, 2025

ထားဝယ်မြိုနယ်၊ ဇီးကျရွာတွင် မတ်လ ၁၈ ရက် နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲသည့်အတွက်ကြောင့်သားအဖ နှစ်ဦးပြင်းထန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

မတ်လ ၁၈ ရက် နံနက်ပိုင်းတွင် ဇီးကျရွာနှင့်တစ်ဆက်တည်းရှိသည့် မောင်မယ်ရှောင်ရွာရှိ ဘုရားမဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကျောက်ကညာအခြေစိုက် အမတ ၃၀၄ ကပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ထိုအမြောက်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီး တစ်လုံးသည် ယင်းနေ့ နံနက် ၁၀ နာရီကျော်ခန့်တွင် ဇီးကျရွာတိုးဂိတ်အနီးသို့ ကျရောက်ပေါက်ကွဲပြီး ခြံလုပ်နေသည့်သားအဖနှစ်ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အဖေလုပ်တဲ့သူမှာက ခါးထိတယ်။ ကိုယ်တစ်ပိုင်းသေသွားမယ့် အခြေအနေရှိတယ်။ သားမှာ က လက်တစ်ဖက်ကြေသွားတယ်”၎င်းဒေသခံကပြောသည်။

ဘုရားမဲစစ်ဆေး ရေးဂိတ်ကို မည့်သည့် လက်နက်ကိုင်အဖွဲ့ လာရောက်တိုက်ခိုက်ခဲ့သည်ဆိုခြင်းကိုမူ အသေးစိတ်မသိရသေးပေ။ သို့သော်ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ဒေသခံများထံမှစုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း ကျောက်ကညာရွာအခြေစိုက် အမတ ၃၀၄ မှပစ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရေဖြူမြို့နယ် ကျခတ္တာပင်အင်းရွာတွင် အသက် ၅၀ အရွယ်ရှိ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သေးသည်။