BREAKING
March 19, 2025

ဘဏ်အကောင့်အလွဲသုံးစားလုပ်ခံရသည့် မြန်မာအလုပ်သမတစ်ဦး အွန်လိုင်းလောင်းကစားမှုဖြင့် စွပ်စွဲဖမ်းဆီးခံရ

March 19, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်ဆောက်လုပ်ရေးဆိုဒ်ထဲက မြန်မာအလုပ်သမားတစ်ဦးသည် ဘဏ်အကောင့်လက်ဝယ်မရှိဘဲ အွန်လိုင်းလောင်းကစားအမှုဖြင့် စွပ်စွဲဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မတ်လ ၁၈ရက်က ခလောစီဒေသ ဆောက်လုပ်ရေးဆိုဒ်ထဲရှိ အသက် ၂၉ နှစ်အရွယ် မနှင်း အား အွန်လိုင်းလောင်း ကစားအမှု ဝရမ်းဖြင့် ဗဟိုစုံစမ်းစစ်ဆေးရေးဌာန (CIB) နှင့် မှုခင်းနှိမ်နှင်းရေးဌာနတို့က ဝင်ရောက်ဖမ်းဆီးခဲ့သည်။

မနှင်း အမည်ဖြင့် ဘဏ်အကောင့်ထဲတွင် အွန်လိုင်းလောင်းကစားလုပ်ငန်းဖြင့် ဘတ်ငွေ သုံးသန်းကျော် လည်ပတ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

၂၀၂၃ ခုနှစ် အလုပ်စဝင်သောအချိန် လုပ်ငန်းလိုအပ်ချက်အတွက်ဟုဆိုကာ ပွဲစားက ဘဏ်အကောင့်ကို ဖွင့်စေခဲ့ကြောင်း မနှင်းက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။

ယင်းဘဏ်အကောင့်များကို ပွဲစားက သိမ်းထားခြင်းဖြစ်ပြီး အွန်လိုင်းလောင်းကစားလုပ်နေသည်ကို မသိကြောင်း မနှင်းက ရဲတပ်ဖွဲ့များထံ ငြင်းဆိုထားသည်။

လက်ရှိတွင် မနှင်းကို မှုခင်းနှိမ်းနှင်းရေးဌာနတွင် ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ပြီး မနှင်းက စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားကြောင်း သတင်းများတွင် ဖော်ပြသည်။

အွန်လိုင်းလောင်းကစားလုပ်ငန်းသည် နိုင်ငံခြားသားများ၏ ဘဏ်အကောင့်များကို အသုံးပြု၍ လည်ပတ်နေသည်ကို CIB ရဲတပ်ဖွဲ့များက စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် သက်ဆိုင်မှုရှိသော လူပေါင်း ၂၀ ကျော်ကိုလည်း ဖမ်းဝရမ်းထုတ်ထားပြီးဖြစ်ပြီး အများစုကို ဖမ်းဆီးရမိပြီးဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် ဆက်စပ်နေသူအားလုံးကို ဖမ်းဆီးအရေးယူနိုင်ရေး ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သတင်းများတွင် ဖော်ပြသည်။

ဘဏ်အကောင့်များကို အလွဲသုံးစားပြုလုပ်၍ အွန်လိုင်းလောင်းကစားမှု၊ ငွေကြေးခဝါချမှုများ လုပ်ဆောင်နေသည် ဟုဆိုကာ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမှုများ ဆက်တိုက်ရှိနေခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် ဘဏ်အကောင့်များကို အခြားသူများထံ မပေးအပ်ရန်၊ ဘဏ်အကောင့်များကို ပွဲစားများ၊ အလုပ်ရှင်များက သိမ်းဆည်းထားပါကလည်း သက်ဆိုင်ရာ ရဲစခန်းဖြစ်စေ၊ အလုပ်သမားအဖွဲ့အစည်းများသို့ ဖြစ်စေ တိုင်ကြားကြရန် မြန်မာအလုပ်သမားအရေးလှုပ်ရှားသူများက တိုက်တွန်းထားသည်။

Ref: The Thaiger, Phuket News, CIB