စစ်ကောင်စီသည် တနင်္သာရီတိုင်းတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။
စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်နှင့်အဖွဲ့သည် တနင်္သာရီတိုင်းကို ရောက်ရှိနေပြီး မတ်လ ၁၈ ရက်နေ့က ဘုတ်ပြင်းမြို့ကို သွားရောက်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ဘုတ်ပြင်းမြို့ သပြေခန်းမတွင် တိုင်းအတွင်းရှိ စစ်ကောင်စီခန့်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲကျင်းပရေးအတွက် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယင်းဆွေးနွေးပွဲတွင် ဘုတ်ပြင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ဘုတ်ပြင်းမြို့နယ်အတွင်း မဲရုံတည်နေရာများကို မြေပုံပေါ်တွင် ကြိုတင်ရေးဆွဲ လျာထားပြီးဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
တနင်္သာရီတိုင်းအတွင်းရှိ အခြားဒေသများတွင်လည်း ရွေးကောက်ပွဲ ကျင်းပမည့်နေရာများကို စစ်ကောင်စီက အလားတူ ကြိုတင်လျာထားပြီးဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိသော်လည်း Dawei Watch အနေဖြင့် တိတိကျကျမသိရသေးပေ။
စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်ကလည်း ၎င်းတို့ပြုလုပ်ရန် စီစဉ်ထားသော အချိုးကျကိုယ်စားပြု မဲပေးစနစ်အကြောင်း၊ အီလက်ထရောနစ် မဲပေးစနစ်ဖြင့် မဲပေးရမည့်အကြောင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ထုတ်ပြန်တော့မည့် အခြေအနေများကို ဆောင်ရွက်နေကြောင်း ယင်းအစည်းအဝေးတွင် ပြောဆိုခဲ့သည်။
ယင်းအပြင် မကြာခင်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သောကြောင့် ဒေသတွင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်မည့်ကိစ္စ၊ မဲစာရင်းကိစ္စများကို ကြိုတင်ဆောင်ရွက်ထားကြရန်လည်း ၎င်းက ညွန်ကြားခဲ့သေးသည်။
တိုင်းအတွင်း စစ်ကောင်စီက ကောက်ယူထားသည့် စတုတ္ထအဆင့် မဲဆန္ဒရှင်စာရင်း မူကြမ်းများကိုအခြေခံပြီး အိမ်ထောင်စုစာရင်း အမှတ်စဉ် ရေးသွင်းနေပြီဖြစ်ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တနင်္သာရီတိုင်းအတွင်း ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းနိုင်ရန် တိုင်းရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးထံ Dawei Watch က ယနေ့ မတ်လ ၁၉ ရက် နံနက်ပိုင်းတွင် ဖုန်းဆက်ခဲ့သော်လည်း နောက်မှပြန်ဆက်ရန်သာ ပြောဆိုခဲ့သည်။
“အသံသိပ်မကြည်ဘူး။ ခရီးသွားနေတော့လေ။ နောက်မှပြန်ဆက်” ဟု ၎င်းကပြောဆိုပြီး ဖုန်းချသွားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကမူ စစ်ကောင်စီက ကျင်းပမည့်ရွေးကောက်ပွဲသည် စစ်အုပ်စု၏ နိုင်ငံရေးထွက်ပေါက်အတွက် ရည်ရွယ်ကျင်းပသော အတုအယောင် ရွေးကောက်ပွဲဖြစ်ကြောင်း ၂၀၂၄ ဒီဇင်ဘာလတွင် ထုတ်ပြန်ကြေညာ ကန့်ကွက်ထားသည်။