ကွန်ဂိုအစိုးရနှင့် M23 သူပုန်အဖွဲ့အကြား အပစ်ရပ်ရေးအတွက် ကွန်ဂိုသမ္မတနှင့် ရဝမ်ဒါသမ္မတတို့ အင်္ဂါနေ့က ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ရဝမ်ဒါ ကျောထောက်နောက်ခံပြုထားသည့် M23 သူပုန်အဖွဲ့က ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းရှိ အဓိကမြို့ကြီးနှစ်မြို့ကို သိမ်းပိုက်လိုက်ပြီးနောက် ကာတာအစိုးရ၏ ကြားဝင်စီစဉ်ပေးမှုဖြင့် ပထမဆုံး ပေါ်ပေါက်လာသည့် တွေ့ဆုံဆွေးနွေးမှု ဖြစ်သည်။
ယင်းတွေ့ဆုံဆွေးနွေးမှုအပြီးတွင် ကာတာ ၊ ကွန်ဂိုနှင့် ရဝမ်ဒါသုံးနိုင်ငံစလုံးက ကွန်ဂိုအရှေ့ပိုင်း လက်နက်ကိုင်ပဋိပက္ခ ချက်ချင်းအပစ်ရပ်ရေးအတွက် တောင်းဆိုခဲ့ကြသည်။
ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရန်အတွက် ဒိုဟာမြို့ ဆွေးနွေးပွဲကတစ်ဆင့် အစပြုလိုက်သည်များကို ဆက်လက်ဆွေးနွေးလုပ်ဆောင်သွားရန် လိုအပ်ကြောင်း သုံးနိုင်ငံ ပူးတွဲထုတ်ပြန်ချက်က ဆိုသည်။
ရဝမ်ဒါအစိုးရသည် M23 သူပုန်အဖွဲ့ကို လက်နက်နှင့် လူအင်အား ထောက်ပံ့နေသည်ဟု ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက စွပ်စွဲထားသည်။ ယင်းစွပ်စွဲချက်အပေါ် ရဝမ်ဒါအစိုးရက ငြင်းဆန်ထားသည်။
ကွန်ဂိုအစိုးရနှင့် M23 သူပုန်အဖွဲ့အကြား အန်ဂိုလာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးမည့်အစီအစဉ် ပျက်ပြယ်သွားခဲ့ပြီးနောက် အင်္ဂါနေ့က ဒိုဟာမြို့ ဆွေးနွေးပွဲပေါ်ပေါက်လာခြင်း ဖြစ်သည်။ M23 သူပုန်အဖွဲ့ခေါင်းဆောင် Bertrand Bisimwa နှင့် ထိပ်တန်းအဖွဲ့ဝင်အချို့ကို ဥရောပသမဂ္ဂ (EU)က ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့ပြီးနောက် M23 သူပုန်အဖွဲ့က အန်ဂိုလာဆွေးနွေးပွဲသို့ တက်ရောက်ရန် ငြင်းဆန်ခဲ့သည်။
ယင်းသို့ ပိတ်ဆို့အရေးယူမှုများက အပစ်အခတ်ရပ်စဲရေးအတွက် တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုကို ဆိုးရွားစွာ ထိခိုက်စေသည်ဟု M23 သူပုန်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
M23 သူပုန်များကို ထောက်ပံ့ပေးမှုကြောင့် ရဝမ်ဒါစစ်တပ်မှ အရာရှိသုံးဦးနှင့် ရဝမ်ဒါသတ္တုတူးဖော်ရေးဌာန အကြီးအကဲတစ်ဦးကိုလည်း ဥရောပသမဂ္ဂ( EU) က အရေးယူပိတ်ဆို့ခဲ့သည်။
ရဝမ်ဒါနယ်စပ်အနီး ကွန်ဂိုနိုင်ငံအရှေ့ပိုင်းသည် သတ္တုသယံဇာတကြွယ်ဝပြီး ယင်းဒေသတွင် ခြေကုပ်ရရန် အပြိုင်အဆိုင်ကြိုးစားနေသည့် လက်နက်ကိုင်အဖွဲ့ပေါင်း ၁၀၀ ခန့်ရှိသည့်အနက် M23 သူပုန်အဖွဲ့သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
M23 သူပုန်အဖွဲ့တွင် ရဝမ်ဒါစစ်သား ၄၀၀၀ ခန့် အားဖြည့်ပါဝင်လျက်ရှိကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများ၏ အဆိုအရ သိရသည်။
ကွန်ဂိုအရှေ့ပိုင်းလက်နက်ကိုင်ပဋိပက္ခကြောင့် လူပေါင်း ၇ သန်းကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပြီး လက်ရှိကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းများတွင် ပါဝင်လျက်ရှိသည်။
Source: Al Jazeera