BREAKING
March 19, 2025

လောင်းလုံး လက်ခတ်တောင်တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံး၊ အရပ်သားလေးဦးထက်မနည်း ဒဏ်ရာရ

March 19, 2025

လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာတွင်တည်ရှိသည့် လက်ခတ်တောင်တွင် တပ်စွဲထားသော စစ်ကောင်စီစခန်းအား တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် နှစ်ဘက်ထိခိုက်သေဆုံးမှုများရှိကြောင်း တိုက်ပွဲတွင် ပါဝင်သည့် ဒူရကစစ်ကြောင်းထံမှ သိရသည်။

မတ်လ ၁၃ရက် နံနက် ၇နာရီခန့်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ခြောက်နာရီဝန်းကျင် ကြာမြင့်ကာ စစ်ကောင်စီဘက်က ရေတပ်စစ်သင်္ဘောနှင့် လေကြောင်းပစ်ကူများ အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ စစ်ကြောင်းထံမှ သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၂ ဦး သေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ပြီး သေနတ်တစ်လက်၊ ကျည်ဘောက်ရှစ်ခု၊ လက်ပစ်ဗုံးသုံးလုံးအပါအဝင် စစ်ဘက်ဆိုင်ရာသုံးပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒူရကစစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည် ။

“လက်ခတ်တောင်မှာက မိရှင်ကုန်း (သီလရှင်ကျောင်း) နဲ့ တာဝါတိုင် နှစ်နေရာမှာ စစ်သားတွေ နေကြတယ်။ မိရှင်ကုန်းက အပြီးတိုက်နိုင်သွားပြီး တာဝါတိုင် ကုန်းကို ဆက်တိုက်တဲ့အချိန်မှာ လေကြောင်းပစ်ကူလာလို့ ဆုတ်လိုက်ရတယ်” ဟု ၎င်းက ပြောသည် ။

အပြန်အလှန်ပစ်ခတ်မှုအတွင်း တော်လှန်ရေးအင်အားစုများဘက်ကလည်း ဒူရကစစ်ကြောင်းဘက်က ရဲဘော် နှစ်ဦး သေဆုံးပြီး လေကြောင်းပစ်ခတ်မှုကြောင့် ရဲဘော်လေးဦးလည်း ဒဏ်ရာရကြောင်း ဒူရကစစ်ကြောင်းထံမှ သိရသည်။

စစ်ကောင်စီဘက်က သေဆုံးမှုအရေအတွက်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့်မူ သီးခြားအတည်မပြုနိုင်သေးပေ။

ယင်းအပြင် စစ်ကောင်စီ၏ ရေတပ်သင်္ဘောက ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ပေါက်ကွဲမှုကြောင့် စမ်းလှမ်းရွာနှင့် ပင်လယ်ကမ်းခြေတစ်ဆက်တည်း တည်ရှိသည့် မောင်းမကန်ရွာတွင် ကလေးမိခင်တစ်ဦး အပါအဝင် အရပ်သား လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်းတိုက်ပွဲကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်၊ ရေဖြူပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ပါဝင်သည့် ဒူရကစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်းတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။