BREAKING
October 19, 2024

Move Forward ပါတီ ဖျက်သိမ်းရေး အခြေခံဥပဒေခုံရုံး အဆုံးအဖြတ်ယူရန် တင်ပို့

March 19, 2024

ပုံစာ - ဇန်နဝါရီ ၃၁ ရက်နေ့က တော်ဝင်ဥပဒေပြင်ဆင်ရေးလှုပ်ရှားမှု ရပ်ဖို့ တရားရုံးက အမိန့်ချပြီးနောက် Move Forward ပါတီက သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (AFP)

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီကို ဖျက်သိမ်းရန်နှင့် ပါတီခေါင်းဆောင်ပိုင်းများကို နိုင်ငံရေးလုပ်ခွင့် ရပ်နားရေး ဆုံးဖြတ်ပေးရန် ရွေးကောက်ပွဲကော်မရှင်က မတ်လ ၁၈ ရက်နေ့တွင် အခြေခံဥပဒေခုံရုံးကို တင်လိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ပါတီဖျက်သိမ်းပေးရေး ဆုံးဖြတ်ပေးရန် တိုင်ကြားလွှာကို ရွေးကောက်ပွဲကော်မရှင် အထွေထွေအတွင်းရေးမှူးက အခြေခံဥပဒေခုံရုံးကို အွန်လိုင်းကတစ်ဆင့် ပေးပို့လိုက်ခြင်းဖြစ်သည်။

တော်ဝင်ဥပဒေဖြစ်သော ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည့် Move Forward ပါတီ၏ မဲဆွယ်ကတိနှင့် ပါတီမူဝါဒများသည် ဥပဒေချိုးဖောက်ခြင်း ရှိ မရှိကို ခုံရုံးတင် စစ်ဆေးရန် ရွေးကောက်ပွဲကော်မရှင်က မတ်လ ၁၂ ရက်နေ့က ကြေညာခဲ့ပြီးနောက် ယခုအပတ်တွင် ခုံရုံးတင်လိုက်ပြီဖြစ်သည်။

လာမည့် အခြေခံဥပဒေခုံရုံးအပတ်စဉ်အစည်းအဝေး ကျင်းပရန် နှစ်ရက်အလိုတွင် ရွေးကောက်ပွဲကော်မရှင်က ပေးပို့လိုက်ခြင်းဖြစ်သည်။

တော်ဝင်ဥပဒေကို ခြိမ်းခြောက်နေသည်ဟု ယူဆရပါက နိုင်ငံရေးပါတီများဥပဒေ ပုဒ်မ ၉၂ အရ ခုံရုံးက ပါတီကို ဖျက်သိမ်းခွင့်ရှိနေသည်။

ခုံရုံးက ဆုံးဖြတ်ချက်ချရန် အချိန် ၂ လနှင့် အထက် ယူနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဟောင်း Somchai Srisutthiyakorn က ခန့်မှန်းထားသည်။

အကယ်၍ အခြေခံဥပဒေခုံရုံးက ပါတီဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပါက ပါတီခေါင်းဆောင်ပိုင်းများသည်လည်း နိုင်ငံရေးလောကမှ ၁၀ နှစ် ရပ်နားခံရဖွယ်ရှိနေသည်။

ထို ပုဒ်မ ၁၁၂ ကို ပြင်ဆင်နိုင်ရေး ရွေးကောက်ပွဲကတိပေးခဲ့သော Move Forward ပါတီသည် ဘုရင်စနစ်ကို ဖျက်သိမ်းဖို့ ကြိုးပမ်းခြင်းဖြစ်သဖြင့် တော်ဝင်ဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှုအားလုံး ရပ်တန်ဖို့ ပြီးခဲ့သော ဇန်နဝါရီ ၃၁ ရက်နေ့က အမိန့်ချထားခဲ့သည်။

ပုဒ်မ ၁၁၂ အရ ဘုရင်၊ မိဖုရားနှင့် နန်းမွေဆက်ခံသူ သို့မဟုတ် ဘုရင်ခံ နှင့် တော်ဝင်မျိုးနွယ်များကို အသေရေဖျက်ခြင်း၊ စော်ကားခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပါက ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။

Ref: Bangkok Post, Thai PBS