“သွေးသည်အသက်” ဆိုသော သွေးအလှူရှင်ရင်ထိုးမှ စာတန်းလေးမှာ သွေးလှူဒါန်းခြင်းမှာ လူ့အသက်ကို ကယ်ဆယ်ခြင်းဟု အဓိပ္ပါယ်ဆောင်နေသည်။
သွေးလှူခြင်းမှာ အလွန်မွန်မြတ်သည့် အလှူဖြစ်သည်ဟု ခံယူထားသော မြန်မာနိုင်ငံသားများအတွက် သွေးလှူကြရန် များစွာတိုက်တွန်းရန်မလိုကြ။
အုပ်စုလိုက်သွေးလှူပွဲများ၊ နေ့ထူးနေ့မြတ် သွေးလှူမှုများ၊ သွေးလိုအပ်သူများ၏ အကူအညီတောင်ခံမှုကြောင့် လှူဒါန်းမှုများ စသဖြင့် ပုံစံအမျိုးမျိုးဖြင့် သွေးလှူဒါန်းမှုများ ရှိနေကြသည်။
သို့သော် စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အကြာတွင် သွေးလိုအပ်နေသော လူနာများအတွက် သွေးရှာမရတော့။
ဆေးရုံများတွင်လည်း သွေးမရှိသဖြင့် သွေးလိုပါက လူနာရှင်များကို သွေးအလှူရှင်ရှာပေးရန် ဖိအားပေးနေရသည်။
နယ်မြေမအေးချမ်းမှုကြောင့် သွေးအလှူရှင်ရှာခက်ခဲလှသည်။ သွေးလှူလိုသူရှာတွေ့ပါကလည်း သွေးလိုသူမှာ တော်လှန်ရေးအဖွဲ့နှင့် ဆက်စပ်နေသူဖြစ်ပါက ဖမ်းဆီးခံရမည့် အခြေအနေကို ကြောက်ရွံ့သဖြင့် သွေးလှူချင်သော်လည်း မလာရဲဟုဆိုကြသူများလည်း ရှိနေသည်။
ညမထွက်ရအမိန်ကြောင့် ညနေ ၆ နာရီနောက်ပိုင်း ဆိုလျှင်လည်း မလိုက်ရဲကြတော့။
အချိန်မီသွေးမသွင်းနိုင်၍ သေဆုံးကြသူများလည်း ရှိလာနေသည်။ တနင်္သာရီတိုင်းတွင်လည်း ယင်းအခြေအနေမျိုး ကြုံတွေ့နေရပြီး သွေးရှာရခက်ခဲမှုများရှိနေသည်။
ယခုအပတ် ‘တနင်္သာရီ ပုံရိပ်’ အစီအစဉ်တွင် အရေးပေါ်သွေးလိုအပ်မှုကြောင့် ခက်ခက်ခဲခဲ သွေးရှာခဲ့သူအချို့ကို တွေ့ဆုံမေးမြန်းကာ ဖော်ပြလိုက်ပါသည်။
‘ကားနဲ့လာကြိုးပေးမယ်ဆိုပြီးလည်းပြောတယ်။ သူကမရဘူး။ လှူချင်ပေမယ့် သူမလာရဲဘူးပေါ့နော်’
ထားဝယ်ဒေသခံတစ်ဦး
“ကျွန်မတို့ သွေးသွင်းရမယ်လို့ သိတဲ့အချိန်က ညနေမိုးချုပ်မှသိရတာ။ အဲဒီအချိန်ညဘက်ကြီး သွေးလှူဖို့ခေါ်တာ ဘယ်သူဆီကမှမရဘူး။ မိုးလင်းမှရမယ်အဲလိုမျိုးပြောကြတယ်။ တစ်ချို့ကျတော့လည်း ကြောက်ကြတာပေါ့နော်။ သွေးလိုလို့ လို့ပြောလိုက်ရင် ဘယ်သူလဲ ဘာဖြစ်တာလဲ အဲတာအရင်မေးကြတာ။ ဒဏ်ရာရရလို့ ဆေးရုံတက်လာတဲ့သူလား။ ဘာဖြစ်လို့လဲ သွေးလှူရင် သူတို့တစ်ခုခုဖြစ်မှာလား စိုးရိမ်ကြလို့မေးတာပေါ့နော်။ သွေးသွင်းရမယ်ဆိုတာသိကတည်းက လူလည်းတော်တော်စိတ်ညစ်သွားတယ်။ ဒီဆေးရုံ(ထားဝယ်ပြည်သူ့ဆေးရုံ) ကိုလာတာမှားသွားပြီထင်တယ်လို့တောင် ဖြစ်မိတယ်။ ပုဂ္ဂလိကဆေးရုံမှာဆို သွေးအဆင်သင့်ရှိတယ်လို့ပြောကြတယ်။ ဒီလိုမျိူးမရှာရဘူးပေါ့နော်။ ဒီက ကျန်းမာရေးဝန်ထမ်းတွေကတော့ ကောင်းကြပါတယ်။ အဆင်ပြေတယ်။ သွေးရှာရတာတစ်ခုပဲပင်ပန်းတာ သွေးသွင်းရမယ်ဆိုပြီး ပြောတဲ့အချိန်ကနေစပြီး သူငယ်ချင်းတွေ၊ အသိတွေဆီအကုန်နီးပါးပဲ လိုက်မေး၊ လိုက်ပြောရတာပေါ့နော်။ သူတို့ (သွေးအလှူရှင်အသင်းတွေ) ဆီလည်းဆက်သွယ်တယ်။ သွေးအမျိုးအစားက ရှားတဲ့သွေးအမျိုးအစားဖြစ်နေတော့ပိုရှာရခက်သွားတာ။ သူတို့တွေဆီမှာလည်း အဲဒီသွေးအမျိုးအစားက အဆင်သင့်မရှိဘူး။ သူတို့လည်း လိုက်ရှာပေးသေးတယ်။ ပထမတော့ သူငယ်ချင်းတွေ၊ အသိတွေဆီအကူအညီတောင်းတာပေါ့နော်။ အဲဒီမှာ သွေးအမျိုးအစားတူတဲ့သူရှိတယ်။ ဒါပေမဲ့ သူကလာမလှူရဲဘူး အဲလိုပြောတယ်။ ကားနဲ့လာကြိုးပေးမယ်ဆိုပြီးလည်းပြောတယ်။ သူကမရဘူး။ လှူချင်ပေမယ့် သူမလာရဲဘူးပေါ့နော်။ ပရဟိတအဖွဲ့တွေနဲ့ ချိတ်ပြီး လာခေါ်ပေးမယ်ပြောလည်းမရဘူး။ မရဘူးဆိုတော့ရတဲ့နေရာမှာ တစ်ခါလိုက်ရှာရတာပေါ့။ သွေးအလှူရှင်အသင်းတွေကလည်း ကူညီပေးတယ်။ သူတို့မှာလည်း အရင်တုန်းကလို သိပ်အဆင်မပြေဘူးပေါ့နော်။ အဆင်မပြေဘူးဆိုတာက လှူမယ့်သူတွေ နည်းသွားတာပေါ့ သူတို့နဲ့ ချိတ်ဆက်ထားတဲ့သူတွေပေါ့။ လိုတဲ့သွေး ချက်ချင်းမရနိုင်ဘူးပေါ့နော်။
ဒီနေ့ (မတ် ၁၄) ထိတော့ တစ်ပုလင်းပဲရသေးတယ်။ နောက်ထပ် နှစ်ပုလင်းလိုနေသေးတယ်။ တစ်ယောက်တော့လှူဖို့ရှိတယ်ပြောတယ်။ ဘယ်လိုလာမလဲတော့မသိသေးဘူး။ အခြေအနေစောင့်ကြည့်နေရသေးတယ်။ လူနာကတော့ သွေးနည်းနည်းဝင်သွားလို့ သက်သာနေတယ်။ သူတို့လည်းကြောက်ကြောက်နဲ့လိုက်လာပြီးလှူပေးကြတာ။ မလိုက်ချင်ကြဘူး။
( အာဏာမသိမ်းခင်က ထားဝယ်ဆေးရုံသွေးလှူဘဏ်တွင် ရှားပါးသွေးအမျိုးအစားအလှူရှင်များကို နာမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်နှင့်တကွမှတ်တမ်းတင်ထားလေ့ရှိပြီး အရေးပေါ်လူနာများရှိလာပါက စာရင်းပေးထားသူများကို ဖုန်းဆက်သွယ်ပေးလေ့ရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေမသိရတော့ပေ။)
သူတို့( ထားဝယ်ဆေးရုံ ကျန်းမာရေးဝန်ထမ်း) ပြောတာကတော့ ကိုယ့်ဘာသာပဲရှာရမယ်လို့ပြောတယ်။ ဒီမှာလည်း( ထားဝယ်ဆေးရုံမှာလည်း) သွေးလိုက်ရှာနေတဲ့သူတော်တော်များကြတယ်။
‘ညနေ ၆ နာရီထိုးပြီးပြီဆိုရင် လှူတဲ့သူတွေက မလှူကြတော့ဘူး’
သွေးသွင်းရန်လိုအပ်နေသည့် တူမအတွက် သွေးရှာခဲ့သူတစ်ဦး
“သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံက သွေးသွင်းရမယ်ပြောလို့ သွေးရှာရတယ်။ ပုဂ္ဂလိကဆေးရုံက။ သွေးကရှာရခက်တဲ့ သွေးအမျိုးအစားဖြစ်နေတယ်။ သွေးက (AB+) ။ သွေးအလှူရှင်ရဲ့အသက်ကလည်း ၂၀ နဲ့ ၃၀ ကြား အမျိုးသားဖြစ်ရမယ်ဆိုလို့။ သွေးက ၃ လုံးသွင်းလိုက်ရတယ်။ သွေးလှူတဲ့အဖွဲ့တွေကတော့ရှိတယ်။ အချို့အဖွဲ့တွေကတော့ နားထားတယ်လို့ ပြောတယ်။ ကျွန်တော်တို့ ရပ်နားထားတယ်လို့ ပြောတာလည်းရှိတယ်။တစ်ချို့အဖွဲ့တွေကတော့ ဝိုင်းရှာပေးကြတယ်။ မြို့ပေါ်က နှစ်ဖွဲ့က ရပ်နားထားတယ်လို့ ပြောတယ်။
သွေးအလှူရှင် ၅ ဖွဲ့လောက်ကို ဆက်သွယ်ဖြစ်တယ်။ ၂ ဖွဲ့ကတော့ ရပ်နားလိုက်တယ်လို့ ဖြေကြတယ်။ သွေးက အရေးပေါ်လိုအပ်လို့ ရှာမရရင် ဒီလူနာက ဒီသွေးနဲ့ပဲကုရမယ်ဆိုရင် အသက်ဆုံးရှုံးတာတွေ ဖြစ်လာနိုင်တယ်လို့ထင်တယ်။ ကိုယ်လည်း ကျွမ်းကျင်တဲ့ဆရာဝန်လည်းမဟုတ်တော့ တိတိကျကျတော့ မပြောတတ်ဘူးပေါ့။
အခုက ဘာတစ်ခုဖြစ်သွားလဲဆိုရင် ညနေ ၆ နာရီထိုးပြီးပြီဆိုရင် လှူတဲ့သူတွေက မလှူကြတော့ဘူး။ သွားဖို့လာဖို့နဲ့ အချိန်ကနောက်ကျလို့ ၈နာရီထိုးပြီးပြီဆိုရင် လမ်းသွားလို့ အဆင်မပြေတော့လို့။ မနက်ကျမှ လာလှူတော့မယ်ဆိုပြီး ပြောတာလည်းရှိတယ်။၆ နာရီနောက်ပိုင်းဆို သွေးရှာရ ခက်သွားတာ။ အရင်ခေတ်ကနဲ့တော့ တော်တော်လေးကွာသွားတယ်။ အရင်ကဆိုရင် ညဘက်တွေလည်း သွေးအလှူရှင်တွေ ရှိတယ်။ သွေးသွင်းမှရမယ်ဆို သေမယ့်သူဆို သေသွားလိမ့်မယ်”
‘စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးရင် အဲတာတွေကြောက်လို့ အာဏာသိမ်းပြီးကတည်းက ဘယ်မှမသွားတော့တာ’
သွေးအလှူရှင် လူငယ်တစ်ဦး
အရင်က သုံးခါလောက်လှူဖူးတယ်။ အခုတော့မလှူဖြစ်တော့ဘူး။ အာဏာမသိမ်းခင် ကိုဗစ်ဖြစ်ကတည်းက ( ၂၀၂၀ ခုနှစ်ကတည်းက)။ အခုကနိုင်ငံရေးကြောင့်ပေါ့။ အရင်တုန်းကတော့ ကိုဗစ်ကူးမှာကြောက်လို့ အဲလိုမျိူးကြောင့်ပေါ့။ နိုင်ငံရေးကြောင့် မလှူဖြစ်တော့တာက သွားရလာရတာ အဆင်မပြေလို့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးရင် အဲတာတွေကြောက်လို့ အာဏာသိမ်းပြီးကတည်းက ဘယ်မှမသွားတော့တာ။
(ရှားပါးသွေးလို၍ အကူအညီတောင်းသူက ဆက်သွယ်လာရာတွင်) (အဲ့ဒီသွေး)ကျွန်တော်သွေးနဲ့တူတူပဲ။ အဲလိုပြောလိုက်တာ။ သူက သွေးလှူမယ်လို့ထင်သွားလားမသိဘူး။ ကားနဲ့လာခေါ်ပေးမယ်လို့ပြောတယ်။ ကျွန်တော်လည်းအားနာသွားတယ်။ အိမ်နဲ့တိုင်ပင်ကြည့်တော့ အိမ်ကလည်းမသွားစေချင်ဘူး။ အဲဒါနဲ့ အာနာနာနဲ့ပဲ မလှူဖြစ်တော့ဘူးပြောလိုက်ရတယ်။
(သွေးမလှူနိုင်ဟု ငြင်းလိုက်ရသည့်အတွက်) မပြောကောင်းမဆိုကောင်းပေါ့ လူနာတစ်ခုခုဖြစ်သွားရင် ငါ့ကြောင့်ပဲဆိုပြီး အဲလိုမျိူး စိတ်ထဲမှာထစ်နေတာ။ သူ့ကိုလည်း ဖုန်းဆက်ပြီး ခဏခဏမေးနေတယ် သွေးအဆင်ပြေပြီလား။ လူနာသက်သာရဲ့လားဆိုပြီး။ စိတ်ထဲမှာနေလို့မရဘူး။ ကိုယ်ကလှူချင်ပေမယ့် အဲဒီလမ်းမှာပဲကြောက်တာ။ အခုကလည်း လမ်းမှာစစ်ဆေးများနေတယ်ဆိုတော့လေ။ အရင်တုန်းကလိုမျိုးဆို သူတို့လာခေါ်စာရာတောင်မလိုဘူး။ ကိုယ့်ဘာသာသွားပြီးလှူလိုက်မှာ။ အခုက သူငယ်ချင်းကို တောင်းတောင်းပန်ပန်နဲ့ ပြောလိုက်ရတယ်။ သူကလည်းတောင်းတောင်းပန်ပန်ပဲ။ သွေးအရမ်းလိုနေတာကိုး။
အခုနဲ့ဆို နှစ်ခါရှိပြီ။ ကျွန်တော်က အရင်က သွေးလှူနေကြသူဆိုတော့ အဖွဲ့တွေကသိတယ်လေ။ သွေးလိုရင် ကျွန်တော်ကိုပြောနေကြ။ ကိုဗစ်စဖြစ်တဲ့နှစ်ကမှစပြီမလှူဖြစ်ေတာ့တာ။ အဲဒီတုန်းကလည်း သူငယ်ချင်းတစ်ယောက် သွေးလိုလို့ ကူညီတောင်းဖူးတယ်။ ကိုဗစ်တွေအရမ်းဖြစ်နေတော့ ကြောက်ပြီးသွားမလှူရဲဘူး။ အဲဒီတုန်းက အိမ်ထဲက အိမ်ပြင်ထွက်လို့တောင် မရတဲ့အချိန်လေ”