BREAKING
September 19, 2024

မြန်မာပြည် ရောက်နေပြီဖြစ်သည့် အိုမီခရွန် မျိုးကွဲ ဘီအေထူး

March 19, 2022

ဘီအေထူး ခေါ် ကိုဗစ်ဗိုင်းရပ်စ် အိုမီခရွန်မျိုးစိတ်ကွဲသည် လျင်မြန်စွာပင် ကမ္ဘာအနှံ့ပျံ့နေပြီဖြစ်သည်။ ဘီအေထူး ကူးစက်ခံရသူ မြန်မာနိုင်ငံတွင် ယခု ရက်ပိုင်းအတွင်း တွေ့ရှိနေပြီ ဖြစ်သည်။

ဘီအေဝမ်း (B.A1)၊ ဘီအေထူး (B.A2)အစရှိသဖြင့် အိုမီခရွန်မျိုးကွဲ၏ မျိုးစိတ်ကွဲများစွာရှိရာ ဘီအေထူးမှာ ယခုအခါ ကူးစက်ခံရသူများအကြား ခပ်စိပ်စိပ်ပိုတွေ့လာရသော အိုမီခရွန်၏ မျိုးစိတ်ကွဲတစ်ခုဖြစ်သည်။ လူအများစုက အိုမီခရွန်ဟု သိကြသည်မှာ အိုမီခရွန် ဘီအေဝမ်းဖြစ်ပြီး ယခုအခါ အိုမီခရွန် မျိုးစိတ်ကွဲ ဘီအေထူး၏ ခေတ်သို့ရောက်လာနေပြီဖြစ်သည်။

အိုမီခရွန် ဘီအေဝမ်း နှင့် ဘီအေထူးတို့သည် အမီနိုအက်ဆစ်နှင့် ပရိုတင်းစသည့် ဗိုင်းရပ်စ်မျိုးဗီဇဖွဲ့စည်းပုံခြားနားချက်များရှိသည် ဟုဆိုပါသည်။

ဘီအေထူးကို လွန်ခဲ့သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင်စတင်တွေ့ရှိခဲ့ပြီး ယင်းအချိန်သည် ကမ္ဘာအနှံ့ ဘီအေထူး အိုမီခရွန် ခရီးဆန့်နေချိန်လည်းဖြစ်သည်။ သို့ရာတွင် ယခု မတ်လအလယ်လောက်မှစတင်ကာ ကမ္ဘာတဝန်း ဘီအေထူးက အရှိန်အဟုန် မြန်စွာဖြင့် ပျံ့လာနေသည်ဟု ဆိုသည်။

နယူးဇီလန်နိုင်ငံတွင်ဆိုလျှင် ဘီအေထူး အိုမီခရွန်မျိုးစိတ်ကွဲကို ဇန်နဝါရီလအလယ်က အနည်းငယ်သာတွေ့ရှိခဲ့သော်လည်း ယခု မတ်လအလယ်လောက်တွင်မူ မကြာသေးမီက ကူးစက်ခံထားရသူများထံမှ ဗိုင်းရပ်စ်အမျိုးအစားကို မျိုးရိုးဗီဇ စစ်ဆေးကြည့်ရာတွင် ကူးစက်ခံရသူများ၏ ၈၀ ရာခိုင်နှုန်းလောက်တွင် အိုမီခရွန် ဘီအေထူး မျိုးစိတ်ကွဲကိုတွေ့ရသည်ဟု ကျန်းမာရေးဌာနက ဆိုထားသည်။

နိုင်ငံများတွင် ယခုအခါ မိနစ်ပိုင်းအတွင်းအဖြေပေါ်သော အသင့်သုံး ကိုဗစ်စစ်ဆေးသည့် ကိရိယာများ အသုံးတွင်ကျယ်လာနေသောကြောင့် ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇ ဖွဲ့စည်းပုံအထိ စနစ်တကျ သရုပ်ခွဲစစ်ဆေး မှုများ နည်းလာနေချိန်လည်းဖြစ်သည်။ ထိုကြောင့် မည်သည့် ဗိုင်းရပ်စ်မျိုးကွဲက ပျံ့နှံ့နေသည်ကိုလည်း သိရန် အတော်ခက်သွားနိုင်သည့် အနေအထားမျိုးလည်းဖြစ်လာနေသည်။ အိုမီခရွန်ဟု ယခုအခါ အများစုက အမည်တပ်ကြသော်လည်း မည်သည့် အိုမီခရွန် မျိုးစိတ်ကွဲဖြစ်သည်ကိုမူကား သာမန်လူ သိရန်မဖြစ်နိုင်ပေ။

နိုင်ငံအတွင်း ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်နေစဉ်ကာလအတွင်း နယူးဇီလန်၏ မြို့ကြီးတစ်ခုဖြစ်သော အောက်ကလန်မြို့ကြီးတွင် ခန့်မှန်းတွက်ချက်ထားသည်ထက် ကူးစက်မှုနှုန်း ပိုများခဲ့ရသည်မှာ ဘီအေထူး အိုမီခရွန် မျိုးစိတ်ကွဲကြောင့်လည်း ဖြစ်ကြောင်း နယူးဇီလန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ အက်ရှ်လေကမူက မှတ်ချက်ပြုထားသည်။

ဘီအေထူးက ပို၍ ကူးစက်နိုင်သလား

အိုမီခရွန် ဘီအေဝမ်း ထက် ဘီအေထူးက ၄၀ ရာခိုင်နှုန်းလောက်အထိ ပို၍ ကူးစက်နိုင်ကြောင်း ခန့်မှန်းမှုများရှိပါသည်။

အိမ်ထောင်စုပေါင်း ၈၅၀၀ နှင့် လူပေါင်း ၁၈၀၀၀ ကိုလေ့လာမှုပြုခဲ့သည် ဒိန်းမတ်နိုင်ငံ၏ ဆီရမ် အင်စတီကျု၏ လေ့လာတွေ့ရှိချက်အရမူ အိုမီခရွန် မျိုးစိတ်ကွဲ ဘီအေထူး က ဘီအေဝမ်း ထက် အလွန်အမင်း ပို၍ကူးစက်နိုင်သည်ဟု တွေ့ရသည်။ သို့ရာတွင် ထိုလေ့လာတွေ့ရှိမှုကို အခြားသော ပညာရှင်များ အဖွဲ့များက အပြန်အလှန် စစ်ဆေးမှုပြုကာ သီးခြားအတည်ပြုခြင်း၊ မှတ်ချက်ပေးခြင်း မပြုနိုင်သေးပေ။

အချက်အလက်များမှာ အကန့်အသတ်ရှိနေဆဲဖြစ်သော်လည်း ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (WHO) ကမူ လူအချို့မှာ အိုမီခရွန် ဘီအေဝမ်း ကူးစက်ခံရပြီးသော်လည်း ဘီအေထူး ပြန်ကူးခံရမှုရှိကြောင်း ပြောဆိုထားသည်။

“ အချက်အလက်တွေအရတော့ ဘီအေဝမ်း အကူးခံရပြီးထွက်လာတဲ့ ကိုယ်ခံအား ပဋိဇီဝက္ခန္ဓာ (Antibodies)က ဘီအေထူးမျိုးစိတ်ကွဲ ကိုဆန့်ကျင်တဲ့ အကာအကွယ်အချို့တော့ ပေးတယ်၊ ဒါပေသိ အိုမီခရွန် ဘီအေဝမ်း ဖြစ်ပြီးတဲ့သူကို အိုမီခရွန် ဘီအေထူး မျိုးစိတ်ကွဲ ပြန်ကူးခံရတာမျိုးကလည်း ရှင်းရှင်းလင်းလင်းကို ရှိနေတယ်၊ အဲလိုမျိုးကတော့ ပိုရှားမယ်” ဟု နယူးဇီလန် အိုထာဂို တက္ကသိုလ်မှ ဗိုင်းရပ်ပညာရှင်ဒေါက်တာ ဂျော့ဂမ်က ဆိုသည်။

ဘီအေထူးက ပြင်းထန်သလား

ဒေါက်တာ အက်ရှ်လေကမူ ဘီအေထူးမှာ ပို၍ ကူးစက်နိုင်သော်လည်း ကူးစက်ခံရသူကို ပြင်းထန်သည့် အခြေအနေမျိုးဖြစ်စေသလားဟူသည့် အမေးနှင့် ပတ်သက်၍ လတ်တလောတွင် ခိုင်မာသည့် သက်သေ အထောက်အထားမရှိသေးဟုဆိုသည်။

ဖေဖော်ဝါရီလ နှောင်းပိုင်းက ဒိန်းမတ်၏ ဆီရမ်အင်စတီကျုက ပြုလုပ်ခဲ့သည် ရောဂါအန္တရာယ်စစ်ဆေးမှု စစ်တမ်း၏ အစီရင်ခံစာအရလည်း ဘီအေထူးကြောင့် ဆေးရုံတင်ရသည့်နှုန်းမှာ ဘီအေဝမ်း နှင့်နှိုင်းစာသော် တိုးလာသည့် အန္တရာယ်ရှိအခြေအနေမျိုး မရှိဟုဆိုသည်။ ယင်းရလဒ်မှာ အင်္ဂလန်မှ သုတေသီများ၏ တွေ့ရှိချက်နှင့်လည်း တူနေပါသည်။

ကာကွယ်ဆေးများက ဘီအေထူးကို ခုခံရာတွင် မည်မျှအစွမ်းထက်ပါသနည်း

ကူးစက်နှုန်းမြင့်သော ဘီအေထူးကို ကိုဗစ်ကာကွယ်ဆေးများက အစွမ်းထက်စွာကာကွယ်နိုင်ပုံရကြောင်း ဗိုင်းရပ်ပညာရှင် ဒေါက်တာ ဂျော့ချ်ဂမ်က ဆိုသည်။

“ကမ္ဘာပေါ်က တကယ့်အချက်အလက်အမှန်တွေအရတော့ ဒီမျိုးစိတ်ကွဲနှစ်ခုကြောင့်ဖြစ်ရတဲ့ ရောဂါက ခြားနားမှုမရှိဘူး၊ ကာကွယ်ဆေး နဲ့ ထပ်ဆောင်းထိုးတဲ့ကာကွယ်ဆေးတွေ (Boosters)တွေကလည်း အိုမီခရွန် ဘီအေဝမ်းကော ဘီအေထူးကိုပါ ခံနိုင်တဲ့ တကယ့်ကိုကောင်းတဲ့ ကာကွယ်မှုမျိုးပေးနေပုံရပါတယ်” ဟုသူမကဆိုသည်။

အင်္ဂလန်မှ ကျန်းမာရေးတာဝန်ရှိသူများကလည်း ကာကွယ်ဆေးများက အိုမီခရွန်မျိုးစိတ်ကွဲ နှစ်ခုစလုံးက ဖြစ်စေနိုင်သော ရောဂါမျိုးကို ခံနိုင်သော ထိရောက်မှုမျိုးရှိကြောင်း ပြောဆိုထားသည်။

ဖိုင်ဇာ ကာကွယ်ဆေး ကုမ္ပဏီ၏ အကြီးအကဲကမူ ယင်းတို့ ကုမ္ပဏီက ဗိုင်းရပ်စ်မျိုးကွဲအားလုံးကို ခုခံဆန့်ကျင်နိုင်သော ကာကွယ်ဆေးမျိုးထုတ်ရန်ကြိုးပမ်းနေသည်ဟုဆိုသည်။ ဖိုင်ဇာ နှင့် မိုဒါးနား ကာကွယ်ဆေး ကုမ္ပဏီကြီးများကမူ ယခင်ကနဦးထိုးထားသည့် ကာကွယ်ဆေးများ တဖြည်းဖြည်း ပြယ်သွားနိုင်သည့်အတွက် လေးကြိမ်မြောက် ထိုးဆေးဖြစ်သည့် ဒုတိယအကြိမ် အားဖြည့်ကာကွယ်ဆေး (Second Booster) လိုကြောင်း ယူဆထားသည်။

လတ်တလောတွင်တော့ အိုမီခရွန်မျိုးစိတ်ကွဲ ဘီအေထူးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စောင့်ကြည့်လေ့လာလျက်ရှိသည်။ စိုးရိမ်ဖွယ်မျိုးစိတ်ကွဲ ဖြစ်ကြောင်း သတ်မှတ်မည် မမှတ်မည်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ တွေ့ရှိ ဆုံးဖြတ်မှုအပေါ်မူတည်နေသည်။

ကမ္ဘာပေါ်တွင် ကိုဗစ်ထိန်းချုပ်ရေးတွင် စံပြဖြစ်ခဲ့သည့် နယူးဇီလန်တွင်မူ ယခု မတ်လအတွင်း အိုမီခရွန်မျိုးစိတ်ကွဲများ၏ ကူးစက်မှုကို အများအပြားခံနေရရာ သေဆုံးမှုရာဂဏန်း၊ ကူးစက်မှု ထောင်သောင်းချီဖြစ်လာကာ ဆေးရုံတက်ရမှုများလည်းတိုးလာနေခဲ့သည်။

နယူးဇီလန်တွင် ကိုဗစ်ကာကွယ်ဆေးကို အပြင်းအထန်ဆန့်ကျင်သည့် ဆန္ဒပြမှုများ ရှိလင့်ကစား နိုင်ငံအတွင်း ကာကွယ်ဆေး ထိုးနှံနိုင်မှုမှာ လူဦးရေစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်အထိ ထိုးနှံပေးပြီး ဖြစ်သည့်အပြင် သက်ကြီးရွယ်အိုများအတွက် အားဖြည့်ထပ်ဆောင်းကာကွယ်ဆေး (Booster) ပင်ထိုးနှံပေးနေပေသည်။ သို့ရာတွင် ကံမကောင်းစွာပင် နိုင်ငံအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၁၃၅ ဦးရှိလာနေပြီးဖြစ်ကာ ထိုအထဲတွင် အသက် ၇၀ အထက် ရှိ ၉၅ ဦး ပါဝင်ကြောင်းသိရသည်။

ကျန်းမာရေးတာဝန်ရှိသူများက မည်သည့်ကိုဗစ်မျိုးကွဲကိုမူ မပေါ့ဆဘဲ သတိရှိရှိ ကာကွယ်ကြရန်၊ ကုသကြရန် တိုက်တွန်းထားပေသည်။

Ref – https://www.nzherald.co.nz/nz/covid-19-omicron-outbreak-new-data-shows-elderly-make-up-more-than-half-and-maori-a-quarter-of-all-pandemic-deaths/ZUD4QRPGTV67LOJBKFPVL3N25A/?utm_medium=Social&utm_campaign=nzh_fb&utm_source=Facebook&fbclid=IwAR0jqNIxhrgKB0cCT5hu0kgesOHDL3dKtNQZhb2IN8W66mkPSlf2v89HhmY#Echobox=1647491325

https://www.rnz.co.nz/news/national/463502/the-ba-2-omicron-subvariant-what-you-need-to-know