BREAKING
February 21, 2025

တိုက်ပွဲမဖြစ်ဘဲ လောင်းလုံးက စခန်းကြီးကျေးရွာအုပ်စုကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်

February 19, 2025

လောင်းလုံးမြို့ နယ်၊ စခန်းကြီးကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလ ၁၈ရက် ည ၇နာရီခန့်တွင် လောင်းလုံးမြို့နယ် တောရှည်ရွာတွင် အခြေစိုက်ထားသည့် ခြေလျင်တပ်ရင်း ခလရ ၁၀၄ က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဘာတိုက်ပွဲမှလည်းမရှိဘဲ သက်သက်မဲ့ ပစ်တာ” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် ခုနစ်ချက်ခန့် ပစ်ခတ်ခဲ့ပြီး ပန်းဇိကျေးရွာဘုန်းကြီးကျောင်းအနီးတွင် ကျည်တစ်လုံး၊ စွန်တောင်ပေါ်နှင့် ပန်းဇိရွာကြားတွင် ကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါလက်နက်ကြီးကျည်များမှာ ရော်ဘာတောများအတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် လူနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“အခြေအနေကြည့်နေလို့ ဒီမနက် အဲဒီဘက်က (ပန်းဇိရွာက) လူတွေ အလုပ်တောင် လာမဆင်းကျဘူး” ဟု စခန်းကြီးကျေးရွာအုပ်စု၊ ဖွားဘုတ်ပြင်ရွာသား နောက်တစ်ဦးကပြောသည်။

စခန်းကြီးကျေးရွာအုပ်စုသည် ခလရ ၁၀၄ ၏ အနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာတွင်ရှိသော ကျေးရွာကြီး တစ်ရွာဖြစ်သည်။