ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ပေါ်က တရုတ်နိုင်ငံသားနှင့် ပတ်သက် ဆက်နွယ်သည့် လုပ်ငန်းအားလုံးနီးပါး ရပ်တန့်နေကြောင်း မြို့ခံများ၏ပြောပြချက်အရ သိရသည်။
ဘုရားသုံးဆူမြို့အတွင်း တရားမဝင် ဝင်ရောက်ကာ စားသောက်ကုန်ရောင်းချခြင်း၊ ကာစီနိုလောင်းကစားရုံလုပ်ငန်းများနှင့် ဂိမ်းရုံများ လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသား ထွက်ခွာပေးကြရန် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ အမှတ် ၂ နည်းဗျူဟာက ဖေဖော်ဝါရီလ ၇ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းနောက် တရုတ်နိုင်ငံသားများ မြို့မှ ထွက်သွားကြသလို ၎င်းတို့ လုပ်ကိုင်နေသည့်လုပ်ငန်းများလည်း ရပ်ဆိုင်းနေ ကြောင်း မြို့ခံများက ဆိုသည်။
“မြို့ပေါ်မှာတော့ လောင်းကစားဝိုင်းတွေ ဘာတွေ မရှိတော့ဘူး။ တရုတ်တွေကလည်း ပြောင်းရွှေ့သွားကြပြီး။ တရုတ်တွေ ဖွင့်ထားတဲ့ ဆိုင်တွေကလည်း အကုန်ပိတ်ထားကြတယ်။ အနည်းအကျဉ်း ကျန်နေတာတော့ ရှိမယ်” ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ဘုရားသုံးဆူမြို့တွင် ပြီးခဲ့သည့်နှစ်ကတည်းက DKBA ၏ အကူအညီဖြင့် မြဝတီဘက်က တရုတ်လူမျိုးထောင်နှင့်ချီ စတင် ဝင်ရောက်လာခဲ့ကာ အလှပြင်ဆိုင်၊ စားသောက်ဆိုင်လို လုပ်ငန်းများ လုပ်ကိုင်ကြပြီး ဂိမ်း၊ ကာစီနိုလောင်းကစားနှင့် ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြကြောင်း မြို့ခံများက ပြောဆိုသည်။
လက်ရှိတွင် ကျားဖြန့်လုပ်ငန်းများကို တရုတ်အစိုးရက ဖိအားပေးလာပြီး ထိုင်းအစိုးရကလည်း ဘုရားသုံးဆူမြို့အပါအဝင် နယ်စပ်နေရာခု ငါးခုထက် မနည်းကို ဖေဖော်ဝါရီလ ၅ ရက်ကစပြီး လျှပ်စစ်မီးနှင့် လောင်စာဆီ စတင်ဖြတ်တောက်ခဲ့သည်။ ယင်းနောက် တရုတ်နိုင်ငံသားများ ဘုရားသုံးဆူမြို့က ထွက်သွားကြရန် DKBA က သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“အခုဆိုရင် စျေးသွားရင် တရုတ်တွေ မတွေ့ရတော့ဘူး။ အရင်ကဆိုရင် စျေးမှာ တရုတ်တွေကြီးပဲ။ စျေးသည်တွေလည်း ညည်းနေတယ်အခု၊ (တရုတ်နိုင်ငံသားတွေ မရှိတော့) စျေးရောင်းမကောင်းတော့ဘူးတဲ့” ဘုရားသုံးဆူမြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။
တရုတ်နိုင်ငံသားများ ဘုရားသုံးဆူမြို့က ထွက်ခွာကြရန် DKBA သတိပေးချက်ထုတ်ပြီးနောက် မြို့ပေါ်ရှိ တရုတ်နိုင်ငံသား များကို DKBA က မြို့ပြင်ရှိ ၎င်းတို့ ဆောက်လုပ်ထားသည့်အဆောက်အအုံနေရာသို့ ပြောင်းရွှေ့သွားကြောင်း မြို့ခံများက ပြောဆိုသည်။
“သိရသလောက်က ကျန်နေတဲ့ တရုတ်တွေကိုလည်း မြဝတီဘက်ပို့ဖို့ရှိတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တရုတ် ၆၀ လောက် ပို့ထားတာရှိတယ်။ အခြေအနေကတော့ ခေါင်းဆောင်ပိုင်းတွေကို ပို့ဖို့ရှိမယ်။ အငယ်တွေတော့ ကျန်နေဦးမယ် ထင်တယ်” ဟု တရုတ်နိုင်ငံသားများအခြေအနေကို လေ့လာစောင့်ကြည့်နေသည့် ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။
အထက်ပါပြောဆိုချက်များနှင့် ပတ်သက်၍ ဘုရားသုံးဆူဒေသရှိ DKBA ၊ အမှတ် ၂ နည်းဗျူဟာကို ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်း မရှိသေးပေ။