BREAKING
February 21, 2025

ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများအား လက်နက်ခဲယမ်းကိုင်ခွင့်ပြုမည်ဟု ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်း

February 19, 2025

ပုံစာ - ရန်ကုန် Stock Exchange တွင် တွေ့ရသည့် လုံခြုံရေးအချို့ (ပုံဟောင်း) ဓာတ်ပုံ - Getty Images

ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများကို လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေတွင် ထည့်သွင်းထားသည်။

ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီကို မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများအပြင် နိုင်ငံခြားကုမ္ပဏီများကိုလည်း ဖွင့်ခွင့်ပြုမည် ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖေဖော်ဝါရီလ ၁၈ ရက် ရက်စွဲဖြင့် လက်မှတ်ရေးထိုး ပြဋ္ဌာန်းသည့် အဆိုပါဥပဒေတွင် ပါရှိသည်။

ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများသည် လက်နက်ခဲယမ်းကိုင်ဆောင်လိုလျှင် တင်ပြနိုင်ပြီး ယင်းသို့တင်ပြလာပါက ပြည်ထဲရေး ဝန်ကြီး ဦးဆောင်သည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုကြီးကြပ်ကွက်ကဲရေး ဗဟိုကော်မတီသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ တင်ပြသဘောထားရယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

နိုင်ငံခြားကုမ္ပဏီများသည် ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်း ခန့်ထားရာတွင် မြန်မာနိုင်ငံသား အနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့်ထား ရမည်ဖြစ်ကြောင်း ဥပဒေတွင် ထည့်သွင်းထားသည်။ ထို့ကြောင့် နိုင်ငံခြားသားလုံခြုံရေးဝန်ထမ်းကို ၂၅ ရာခိုင်နှုန်းအထိ ခေါ်ယူခန့်အပ်ခွင့်ရှိသည်။

ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများသည် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို လက်နက်ဥပဒေ၊ လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူ၊ တည်ဆဲဥပဒေများနှင့်အညီ ကိုဆောင်ခွင့်ရမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။

ကုမ္ပဏီက ဝန်ဆောင်မှုပေးနေသည့် နေရာ၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်အတွင်း ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရန် လိုအပ်လျှင် ရာဇဝတ်ကျင့်ထုံးဥပဒေများနှင့်အညီ ဆောင်ရွက်ပြီး ရဲစခန်းကို အကြောင်းကြား အပ်နှံရမည်ဖြစ်ကြောင်းလည်း ဆိုသည်။

ယင်းအပြင် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုပေးနေသည့် လူကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ ဘေးအန္တရာယ်ဖြစ်စေပါက ရာဇသတ်ကြီးဥပဒေနှင့်အညီ ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်းလည်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ပုဂ္ဂလိကလုပ်ငန်းများတွင် လုံခြုံရေးဝန်ထမ်း ၁၀ ထက်မပိုဘဲ ခန့်အပ်နိုင်ကြောင်းလည်း ဖော်ပြသည်။

ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများသည် စစ်ကောင်စီ၏ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဟုလည်း ထည့်သွင်းထားသည်။

စစ်ကောင်စီသည် တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်း လုံခြုံရေးကုမ္ပဏီတည်တောင်ရန် တရုတ်ဘက်က ကမ်းလှမ်းသည့်အပေါ် နားလည်မှု စာချွန်လွှာရေးထိုးနိုင်ရေးအတွက် စစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆောင်သည့် လုငန်းကော်မတီတစ်ရပ်ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့သေးသည်။

ပြည်ပမှ တင်သွင်းလာသည့် လက်နက်ခဲယမ်းများ၊ ဆက်သွယ်ရေးစက်များကို မည်သို့ တင်သွင်းခွင့်ပြုမည်၊ မည်သို့ ထိန်းချုပ်သုံးစွဲစေမည်ဆိုသူတို့ကို စိစစ်ရမည်ဟုလည်း ယင်းကော်မတီကို တာဝန်ပေးခဲ့သည်။

ထို့ကြောင့် လုံခြုံရေးကုမ္ပဏီအမည်ခံထားသည့် တရုတ်လက်နက်ကိုင်များ ပြည်တွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံအတွင်း မည်သည့် နိုင်ငံခြားတပ်ကိုမျှ တပ်ချခွင့်မပြုကြောင်း ပြဋ္ဌာန်းထားသည်။