BREAKING
February 21, 2025

ပကာရီရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်၍ ဒေသခံသုံးဦး ကျည်ဆန်ထိမှန်

February 19, 2025

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပကာရီကျေးရွာဘက်သို့ ပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး ကျည်ဆန်ထိမှန်သွားကြောင်း သိရသည်။

ထားဝယ်အရှေ့တောဒေသ ပကာရီရွာ၌ စစ်ကောင်စီတပ်သားများ နေရာယူထားသည့် ဂိတ်နှင့်စခန်းကို တော်လှန်ရေးအင်အားစုများက ဖေဖော်ဝါရီလ ၁၈ ရက်ညတွင် သွားရောက်ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများထံမှ သိရသည် ။

တော်လှန်ရေးအင်အားစုများ သွားရောက်ပစ်ခတ်ပြီးနောက် နာရီဝက်အကြာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၆ ချက်ခန့် ပြန်လည်ပစ်ခတ်ရာတွင် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“၈ နာရီခွဲလောက်ဂိတ်ကို လာပစ်တာအသံတွေကြားရပြီး ရပ်သွားတယ်။ ၉ နာရီထိုးလောက်မှ ဂိတ်ဘက်က ပြန်ပစ်ချတယ်။ အားလုံး ခြောက်ချက်ကြားလိုက်ရတယ်” ဟု ဒေသခံ အမျိုးသမီး တစ်ဦးကပြောသည်။

စစ်ကောင်စီဘက်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ဆန် ခြောက်ချက်အနက် ကျည်ဆန်တစ်လုံးသည် ပကာရီရွာအောက်ပိုင်းရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရွာသားများထံမှသိရသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းရှိနေသည့် မိသားစုဝင်သုံးဦး ဒဏ်ရာရခဲ့ကြောင်း ကာယကံရှင် နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“အဖေနဲ့အမေမှာက ခြေတွေ လက်တွေ မှာ အစ(လက်နက်ကြီးကျည်)စင်တယ်။ သူတို့သမီး ကိုးတန်းကျောင်းသူလေးမှာက ရင်ဘတ်မှာ အစဝင်သွားတယ်” ဟု ၎င်းကပြောဆိုသည်။

ဒဏ်ရာရသည့် မိသားစုဝင်သုံးဦး ကို ထားဝယ်မြို့ရှိ စစ်တပ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

ပကာရီရွာသည် ထားဝယ် – ထီးခီး ကားလမ်းမပေါ်ရှိ ထားဝယ်မြို့နှင့် ဆယ်မိုင်ခန့်ကွာဝေးသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။