BREAKING
February 22, 2025

စစ်မှုထမ်းရှောင်လာသူ အများစုအပါအဝင် မြန်မာ ၁၆၀ကျော် ကန်ချနဘူရီတွင် ဖမ်းဆီးခံရ

February 19, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် နှစ်ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသဖြင့် မြန်မာ ၁၆၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကန်ချနဘူရီခရိုင်ထဲရှိ စန်ခရာဘူရီနှင့် ထိုးဖားဖမ်းဒေသများတွင် မြန်မာနိုင်ငံ သားများ တရားမဝင် ဝင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၈ ရက်က စန်ခရာဘူရီဒေသ နော့လူရွာရှိ ရေလယ်ကျွန်းပေါ်တွင် ပုန်းနေသော မြန်မာနိုင်ငံသား ၁၁၆ ဦးနှင့် လမ်းပြ နှစ်ဦးကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၇၂ ဦး၊ အမျိုးသမီး ၄၄ ဦးပါဝင်ပြီး အများစုသည် အသက် ၁၉ နှစ်မှ ၃၅ နှစ်အရွယ်များ ဖြစ်ကြသည်။

ထုတ်ပြန်ထားသော ဓါတ်ပုံများအရ ဖမ်းဆီးခံရသူများတွင် ကလေးငယ်များလည်း ပါဝင်နေသည်ကို တွေ့ရသည်။

အားလုံးသည် ဘုရားသုံးဆူနယ်စပ်လမ်းကြောင်းကတစ်ဆင့် ဝင်ရောက်လာကြပြီး အခြားခရိုင်များသို့ ခရီးဆက်ရန် ယင်းနေရာတွင် စုဝေးနေကြခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ အုပ်စုမတူကြဘဲ အချို့သည် ယင်းနေရာတွင် စောင့်နေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ပြီး တစ်ရက်လျှင် ထမင်းတစ်နပ်သာ ပွဲစားက ကျွေးမွေးခဲ့ကြောင်း ဆိုသည်။

သွားရမည့်ခရီးစဉ်အလိုက် လက်ပတ်ကြိုးများ ဝတ်ဆင်စေထားပြီး အများစုသည် ဘန်ကောက်၊ စမွတ်ပရကန်၊ နွန်ထဘူရီနှင့် စမွတ်စခွန်ခရိုင်များအပြင် မလေးရှားသွားမည့်သူများလည်း ပါဝင်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူထဲက အများစုသည် မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေအရ ဖမ်းဆီးခံရမည်စိုးသဖြင့် ထွက်ပြေး တိမ်းရှောင်လာသူများဖြစ်ကြောင်း မြန်မာနိုင်ငံသားများက ဖြေကြားထားသည်။

အလားတူ ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းတွင် မလေးရှားနိုင်ငံသွားရန် တရားမဝင် ဝင်လာကြသော မြန်မာနိုင်ငံသား ၄၅ ဦးသည် ထိုးဖားဖမ်းဒေသက တောထဲတွင် ဖမ်းဆီးခံရကြောင်း ဖော်ပြသည်။

ထိုးဖားဖမ်းဒေသထဲရှိ လှေဆိပ်တစ်ခုတွင် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများ ရှိနေကြောင်း သတင်းပေး လာသဖြင့် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။

ယင်းနေရာသို့ ရောက်သောအခါ မီးပိတ်ထားသော ပစ်ကပ်ကားတစ်စီးကို တွေ့ရှိခဲ့ပြီး ကားသမားက ထိုင်းအာဏာပိုင် များကို မြင်သည်နှင့် အမှောင်ထဲ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဖော်ပြသည်။

အနီးဝန်းကျင်ကို စစ်ဆေးရာ အမှောင်ထဲ ပုန်းနေသော မြန်မာနိုင်ငံသား ၄၅ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

အားလုံးကို ရဲစခန်းသို့ ခေါ်ဆောင်လာပြီး စစ်ဆေးစဉ် မြန်မာနိုင်ငံသားများက ထမင်းမစားရသည်မှာ ကြာပြီဟု ဖြေကြားကြောင်း ဆိုသည်။

၎င်းတို့သည်လည်း ဘုရားသုံးဆူနယ်စပ်လမ်းကြောင်းက တရားမဝင် ဝင်လာသူများဖြစ်ပြီး ယင်းအနက် မလေးရှားသို့ သွားမည့်သူများသည် ပွဲစားကို ဘတ် ခုနစ်သောင်းပေးချေရမည်ဟု ဖြေကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ ပို့ဆောင်ထားပြီး တရားမဝင် ဝင်ရောက် လာမှုများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Matichon Online, Joe Joe, Thai PBS, CH 7