BREAKING
February 21, 2025

ဘုတ်ပြင်းတွင် သုံးရက်ဆက်ပစ်ခတ်မှုဖြစ်ပြီး ဒေသခံတစ်ရာကျော် စစ်ဘေးရှောင်နေရ

February 19, 2025

ပုံစာ - ဘုတ်ပြင်း-ကော့သောင်း ကားလမ်းပေါ်ရှိ ချောင်းမွန်ရွာ (ပုံဟောင်း)

ဘုတ်ပြင်းမြို့နယ်အတွင်း တော်လှန်ရေးပူပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှု သုံးရက်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ရာကျော် စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

တိုက်ပွဲများကြောင့် ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ကျေးရွာနှင့် အနီးဝန်းကျင်ရှိ ဒေသခံများမှာ နီးစပ်ရာဥယျာဉ်၊ခြံ‌များသို့ ရွေ့ပြောင်းကာ စစ်ဘေးရှောင်နေကြကြောင်း ဒေသခံများက ဆိုသည်။

ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ သုံးရက်ဆက်တိုက် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်က အင်အား ၁၀၀ နီးပါးရှိသည့် စစ်ကောင်စီတပ်သားများကို ဘုတ်ပြင်းမြိုနယ်၊ ထောင်စုံမဟက်ကျေးရွာအုပ်စု ဘိုဒါးကျေးရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်သားများ ထပ်မံစစ်ကြောင်းထိုးလာရာ ထောင်ငါးသိုင်း ကျေးရွာအုပ်စု၊ ချောင်းမွန်ကျေးရွာ (R Zero) ဂိတ် အနီးတွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းနေ့ညနေ ၆ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်၏ ကင်းထောက်ဒရုန်းတစ်စီးကို သေနတ်ဖြင့်ပစ်ခတ်ရာ ထိမှန်ပျက်ကျသွားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်တွင်လည်း စစ်ကောင်စီတပ်စစ်ကြောင်းက ထပ်မံစစ်ကြောင်းထိုးလာရာ ချောင်းမွန်ကျေးရွာ (R Zero) ဂိတ် အနီးဝန်းကျင်တွင် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲထပ်ဖြစ်ခဲ့ကြောင်း၊ မွန်းလွဲပိုင်းတွင် တိုက်ပွဲတစ်ကြိမ်၊ ညနေပိုင်းတွင် တိုက်ပွဲတစ်ကြိမ်ထပ်ဖြစ်ခဲ့ပြီး တိုက်ခိုက်ရေးဒရုန်းတစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“စစ်ကောင်စီတပ်တွေက ချောင်းမွန်ရွာကို စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ကျွန်တော်တို့က သတင်းရလို့ မိုင်းဆွဲတိုက်ခိုက်တာ၊ လက်နက်ကြီး၊ လက်နက်ငယ်‌တွေနဲ့ ချောင်းပစ်တာတွေလုပ်တာပေါ့နော်။ ကျွန်တော်တို့ဘက်က အသာစီးရသွားလို့ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ စစ်ကောင်စီတပ်သားများရှိနေဆဲဖြစ်ပြီး ဒေသခံများလည်း နီးစပ်ရာတောတောင်များ အတွင်း ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ် ထောင်ငါးသိုင်းကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့ဘက်(စစ်ကောင်စီ)က ထိခိုက်မှုများတယ်လို့တော့ ကြားတယ်။ အဲဒါကို မကျေနပ်လို လေယာဉ်နဲ့ ဗုံးလာကြဲမှာပဲ ကြောက်တယ်။သေနတ် အပြန်အလှန်ပစ်တာလောက်တော့ ရှောင်တိမ်းပြီး နေလို့ရသေးတယ်”ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

အဆိုပါတိုက်ပွဲကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဖြစ်ကြသည့် KNLA အမှတ် ၂၀၃ တပ်ရင်း အမှတ် ၂ တပ်ခွဲ နှင့် အမှတ် ၃ တပ်ခွဲ ၊KNU ပြည်သူ့စစ်အဖွဲ့၊ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁)တပ်ရင်း ၊ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Flying Star Foce) နှင့် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။