BREAKING
January 11, 2025

လောင်းလုံးက Non-CDM ဝန်ထမ်းနှစ်ဦး ခံဝန်ဖြင့်ပြန်လွတ်

February 19, 2024

လောင်းလုံးမြို့ပေါ်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ဖမ်းဆီးသွားသည့် စာရင်းစစ်ရုံးက Non-CDM ဝန်ထမ်းနှစ်ဦး ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ခံဝန်ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ လောင်းလုံးမြို့မရဲစခန်း၊ စရဖရုံးနှင့် မြို့နယ်ထွေအုပ်ရုံးတို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက နေရာပေါင်းစုံမှ တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း မြို့နယ်စာရင်းစစ်ရုံးက ဦးစီးအရာရှိ ဒေါ်ဌေးဌေးညွန့်နှင့် ဒုစာရင်းစစ်မှူး ဒေါ်မေနွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဖမ်းဆီးသွားခြင်းဖြစ်သည်။

အဆိုပါ Non-CDM ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်များက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဟိန်းထက်က ပြောသည်။

အဆိုပါ ဝန်ထမ်းနှစ်ဦးကို မြို့နယ် ပအဖ၏ မှုခင်းစစ်ဆေးရေးအဖွဲ့ခုံရုံးဖြင့် စစ်ဆေးပြီးနောက် ခံဝန်ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ အပြီးသတ်အမိန့်ကိုချတယ်။ ဘယ်လိုအမိန့်ချလဲဆိုရင် လောင်းလုံးပအဖအနေနဲ့ မှုခင်းစစ်ဆေးရေးခုံအဖွဲ့ဖွဲ့ပြီး စစ်ဆေးမှုတွေလုပ်ခဲ့တယ်” ဟု ကိုဟိန်းထက်က ပြောဆိုသည်။

အဆိုပါ Non-CDM ဝန်ထမ်းနှစ်ဦးအနေဖြင့် ပြန်လွတ်ပြီးချိန်တွင် စစ်ကောင်စီ၏ ယန္တရားလည်ပတ်မှုများတွင် လုံးဝ ပါဝင်ပတ်သက်တော့မည် မဟုတ်ကြောင်း အပါအဝင် အခြားအချက်များကို ခံဝန်ကတိထိုးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦးကို ဖမ်းဆီးစဉ်က ရွှေထည်လက်ဝတ်လက်စား၊ စာရင်းစစ်ရုံးပိုင် ဆိုင်ကယ်နှစ်စီးနှင့် ငွေသားများပါ သိမ်းဆည်းလာခဲ့သည်။

ပြန်လွှတ်ပေးချိန်တွင် ၎င်းတို့ပုဂ္ဂလိကပိုင်ဆိုင်သည့် ရွှေထည်လက်ဝတ်လက်စားများ၊ ဆိုင်ကယ်နှင့် ဘဏ်စာအုပ် စသည့် ပစ္စည်းအားလုံးကိုလည်း ပြန်ပေးလိုက်ကြောင်း ကိုဟိန်းထက်က ဆိုသည်။

သို့သော် မြို့နယ်စာရင်းစစ်ရုံးအမည်ပေါက် ဆိုင်ကယ်နှစ်စီးနှင့် စစ်ကောင်စီဝန်ထမ်းများကိုပေးရန် သိမ်းဆည်းထားသည့် ငွေသား ၈၁ သိန်းကျော်ကိုမူကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းလိုက်ကြောင်း ၎င်းက ပြောသည်။

သိမ်းဆည်းခဲ့သည့် ငွေကြေးကို ပြည်သူ့ကာကွယ်ရေးတပ်များ၏ ကာကွယ်ရေးအသုံးစရိတ်အဖြစ် သုံးစွဲသွားမည်ဖြစ်ကြောင်း ကိုဟိန်းထက်က ဆိုသည်။

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ဥပဒေအရာရှိ အပါအဝင် တရားရေးအကြံပေးပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် မှုခင်းစစ်ဆေးရေးအဖွဲ့ခုံရုံးဖြင့် အမှုများကို စစ်ဆေးစီရင်နေပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“ဥပဒေစိုးမိုးရေးကဏ္ဍတွေကို စနစ်တကျလုပ်နိုင်ဖို့အတွက်လည်း ဒီခုံရုံးဖွဲ့ပြီးတော့ ဘယ်လိုစစ်ဆေးတယ် အမိန့်ချတယ် ဆိုတာတွေကိုတော့ ကနဦးခြေလှမ်းအဖြစ်ပေါ့။ နောက်ပိုင်းကိုတော့ တရားရေးအဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့ အတွက်လည်း လုပ်ဆောင်နေတယ်ပေါ့” ဟု ကိုဟိန်းထက်က ပြောသည်။

လောင်းလုံးမြို့နယ်သည် စစ်ကောင်စီတော်လှန်ရေးအားကောင်းသည့် ဒေသတစ်ခုဖြစ်ပြီး အကြမ်းမဖက်ဆန္ဒပြလှုပ်ရှားမှု အားအကောင်းဆုံး ဒေသတစ်ခုလည်းဖြစ်သည်။