BREAKING
October 18, 2024

တနင်္သာရီတိုင်းတွင် ကလေးတီဘီ ရောဂါဖြစ်ပွားသူ ခြောက်ရာကျော်

February 19, 2020

တနင်္သာရီတိုင်းတွင် ၂၀၁၉ ခုနှစ် တစ်နှစ်လုံးတွင် တီဘီရောဂါဖြစ်ပွားသည့် အသက် ၁၅ နှစ်အောက် ကလေး ဦးရေခြောက်ရာကျော်ရှိကြောင်း တနင်္သာရီတိုင်း တီဘီရောဂါတိုက်ဖျက်ရေးဌာနထံမှ သိရသည်။

ထားဝယ်ခရိုင်တွင် ၁၂၃ ဦး၊ မြိတ် ခရိုင်တွင် ၄၀၀ ဦး၊ ကော့သောင်းခရိုင်တွင် ၈၁ ဦး စုစုပေါင်း ၆၀၄ ဦး ဖြစ်သည်။

ယင်းပမာဏသည် ၂၀၁၉ ခုနှစ် အတွင်း တီဘီရောဂါဖြစ်ပွားသူ စုစုပေါင်း၏ ငါးပုံတစ်ပုံကျော် ဖြစ်သည်။

အဆိုပါနှစ်အတွင်း တနင်္သာရီတိုင်းတွင် ကလေး၊ လူကြီးစုစုပေါင်း တီဘီရောဂါဖြစ်ပွားသူမှာ ၃၀၁၄ ဦး ရှိသည်။

ထားဝယ်ခရိုင်တွင် တစ်ထောင်ကျော်(၁၀၁၄) ဦး၊ မြိတ်ခရိုင်တွင် တစ်ထောင့်ငါးရာနီးပါး(၁၄၃၁) ဦး၊ ကော့သောင်းခရိုင်တွင် ခုနစ်ရာနီးပါး (၆၆၉)ဦး ရှိနေကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

“အဓိက ကလေးတွေမှာ အများဆုံးဖြစ်တဲ့ တီဘီကတော့ အဆုတ်တီဘီပေါ့။ ကလေးတီဘီလို့လဲ ခေါ်တယ်”ဟု အထက်ပါဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တ ထင်ဇော်အောင်က ဆိုသည်။

၂၀၁၈ ခုနှစ်တွင် တနင်္သာရီတိုင်းအတွင်း တီဘီရောဂါဖြစ်ပွားသူ ၃၀၂၆ ဦး တီဘီရောဂါဖြစ်ပွားခဲ့ပြီး ကလေးများတွင် တီဘီရောဂါဖြစ်ပွားသူဦးရေမှာ ရှစ်ရာနီးပါး(၇၉၉) ဦးရှိနေကြောင်း ဒေါက်တာထင်ဇော်အောင်က ပြောသည်။

နှစ်ပတ်ကျော်ချောင်းဆိုးခြင်း၊ တငွေ့ငွေ့ဖျားခြင်း စသည့် တီဘီရောဂါ သံသယရှိ အသက် ၈ နှစ်အောက် ကလေးများကို ဓာတ်မှန်ရိုက်ခြင်းဖြင့် လည်းကောင်း၊ အသက် ၈နှစ်နှင့် ၁၅ နှစ် အကြားရှိ ကလေးများကို ဓာတ်မှန်ရိုက်ခြင်းအပြင် သလိပ်စစ်ဆေးခြင်းကိုပါ လုပ်ဆောင်ကြောင်း ၎င်းက ပြောသည်။

တီဘီရောဂါသည် တီဘီရောဂါ ရှိသူမှ အခြားသူတစ်ဦးကို ကူးစက်ခြင်းဖြင့် ရောဂါဖြစ်ပွားခြင်းဖြစ်ပြီး မျိုးရိုး လိုက်တတ်သည့် ရောဂါ အမျိုးအစား မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။

တီဘီရောဂါကို မျိုးရိုးလိုက်သည့်ရောဂါဟု မှားယွင်းယူဆနေသူအချို့လည်း ရှိသည်။

Dawei Watch