အုန်းသီးရှားပါးနေသဖြင့် အုန်းသားခြောက်ဈေး နှစ်ဆနီးပါးမြင့်တက်နေကြောင်း မြိတ်မြို့ရှိ အုန်းသားခြောက် လုပ်သူများနှင့် ဈေးကွက်အတွင်းမှ သိရသည်။
အုန်းသီးထွက်သည့်ဒေသအများစုတွင် မြေပြင်အခြေအနေမငြိမ်သက်မှုများနှင့် တိုက်ပွဲများကြောင့် အုန်းသီးဈေး အဆမတန်မြင့်တက်ခဲ့ပြီး အုန်းသားခြောက်ဈေးလည်း ဈေးတက်လာကြောင်း အုန်းသားခြောက်လုပ်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
တနင်္သာရီတိုင်းရှိ နေရာအများစုတွင် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ အုန်းသီးခြောက်ရှားပါးနေပြီး ကျပ်တစ်ထောင်ဝန်းကျင်စျေးရှိသည့် အုန်းသီးခြောက်တစ်လုံးလျှင် ကျပ်သုံးထောင်နီးပါးအထိ ဈေးတက်ခဲ့သည်။
“အရင်က အုန်းသီးအပုပ်တွေဆို လွှင့်ပစ်ရတယ်။ အခုဆို အပုပ်တွေကို အုန်းသားခြောက်လုပ်တယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
လက်ရှိတွင် အုန်းသားခြောက်တစ်ပိဿာလျှင် ကျပ်နှစ်သောင်းနီးပါး ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ယမန်နှစ်ဆန်းပိုင်းကမူ အုန်းသားခြောက်တစ်ပိဿာလျှင် ကျပ်တစ်သောင်းဝန်းကျင်သာ ဈေးရှိခဲ့သည်။
“အုန်းသားခြောက်လုပ်တဲ့သူတွေက အရင်ကတည်းက ရှိတယ်။ ပေါ့ပေါ့တန်တန်ပဲ။ အုန်းသီးအပုပ်တွေကို နေလှန်းထားရုံပဲ။ အုန်းသီးအပုပ်တွေလည်း အလေ့အလွင့်မဖြစ်တော့ဘူး။ လာဝယ်တဲ့သူတွေက အုန်းဆီလုပ်တဲ့သူတွေ များတယ်” ဟု အုန်းသီးကုန်သည်တစ်ဦးက ပြောသည်။
မြိတ်မြို့ရှိ အုန်းသားခြောက်များကို ရန်ကုန်၊ မန္တလေး စသည့် တိုင်းပြင်ပမြို့ကြီးများရှိ ကုန်သည်များက လာရောက် ဝယ်ယူကြကြောင်း မြိတ်မြို့ရှိအုန်းသားခြောက်ပြုလုပ်သူအချို့ထံမှ သိရသည်။