BREAKING
January 12, 2025

စာသင်ခွင့်မရသည့်ကလေးများအတွက် ပညာရေးပဒေသာပင်စိုက်ထူရန် ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှိုးဆော်

January 19, 2024

ထားဝယ်ခရိုင်အတွင်း ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးစီးအကောင်အထည်ဖော်နေသည့် အခြေခံပညာရေး အစီအစဥ်များအတွက် ပညာရေးပဒေသာပင် ရံပုံငွေရှာဖွေသည့် အစီအစဥ်တစ်ရပ်ပြုလုပ်နေကြောင်း အဆိုပါသမဂ္ဂထံက သိရသည်။

မြေပြင်အခြေပြုအခြေခံပညာအစီအစဥ်သည် စာသင်ကျောင်းမဖွင့်နိုင်သည့်အပြင် အင်တာနက် ဆက်သွယ်ရေးကွန်ရက် အခက်အခဲရှိသည့် ဒေသများမှ ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးနှင့် ကျန်းမာရေးအစီအစဥ်များအတွက် ရည်ရွယ်ကြောင်း သမဂ္ဂထံမှ သိရသည်။

ယင်းအစီအစဉ်ကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစ၍ အကောင်အထည်ဖော်နေကြောင်း သမဂ္ဂထံမှ သိရသည်။

ပညာရေး ပဒေသာပင်စိုက်ထူရာတွင် ကျောင်းသားတစ်ဦးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် သင်ထောက်ကူ အထွေထွေ ကုန်ကျစရိတ်အတွက် မြန်မာကျပ်ငွေ သုံးသောင်းကျပ်ဖြင့် ပါဝင်နိုင်ကြောင်း ကြေညာထားသည်။

ယင်းအပြင် သင်ထောက်ကူစရိတ်၊ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်နှင့် သင်ကြားရေးကိရိယာစရိတ် စသဖြင့် သီးသန့် အမျိုးအမည်တစ်ခုချင်းစီအတွက်လည်း သမဂ္ဂ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သမဂ္ဂ တာဝန်ရှိသူက ပြောသည်။

“သင်ရိုးစာအုပ်တွေ၊ ရေးစာအုပ်တွေအပါအဝင် သင်ထောက်ကူကိရိယာတွေက အဓိကလိုအပ်နေတာပါဗျ။ ရာသီဥတု အပြောင်းအလဲဖြစ်များတဲ့ကာလလည်းဖြစ်နေတော့ ဒီဟာတွေအပြင်ကိုမှ ကျန်းမာရေးကိစ္စ အဝဝကိုပါ ထည့်သွင်းစဥ်းစားရတယ်ဗျ” ဟု ၎င်းက ဆိုသည်။

ပညာရေး ငွေပဒေသာပင် အစီအစဥ်ကို ရက်အကန့်အသတ်ဖြင့် ပြုလုပ်မည်မဟုတ်ဘဲ ခန့်မှန်းလိုအပ်ချက် ပမာဏဖြစ်သည့် ကျပ်ငွေသိန်း ၄၀ ပမာဏရရှိသည်အထိ ပြုလုပ်ထားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့်နှစ်ကလည်း ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ခရိုင်အတွင်းရှိ အဖွဲ့အစည်းလေးခုနှင့် ပူးပေါင်း၍ အရေးပေါ်ရိက္ခာအလှူအစီအစဥ်ဖြင့် ရေဖြူနှင့် လောင်းလုံးမြို့နယ်အတွင်း နေရပ်စွန့်ခွာနေရသည့် အိမ်ထောင်စု တစ်ထောင် နီးပါးကို ဆန်အိတ် ၂၃၀ ကျော် ထောက်ပံ့နိုင်ခဲ့ကြောင်း အဆိုပါသမဂ္ဂထံမှ သိရသည်။