BREAKING
September 20, 2024

မွန်ပြည်သစ်ပါတီနယ်မြေထဲကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်

January 19, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ ကမ်းနီကျေးရွာထဲကို စစ်ကောင်စီတပ် က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ တပ်ရင်းက ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၁၁ နာရီဝန်းကျင်က လက်နက်ကြီး ဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ကမ်းနီကျေးရွာအနီး ကွမ်းသီးခြံထဲကျရောက် ပေါက်ကွဲကြောင်း ဒေသခံတို့က ပြောသည်။

လူထိခိုက်မှု မရှိသော်လည်း ကွမ်းသီးပင်ရာနှင့်ချီ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ခြံထဲမှာ ကျသွားတော့ လူထိတာတော့မရှိဘူး။ ကွမ်းပင်တွေ ခြံထဲက သီးပင် စားပင်တွေ ထိတာတော့ ရှိတယ်။ ဒီလိုမျိုး လက်နက်ကြီးတွေကျနေတော့ ထိတ်လန့်နေကြတာပေါ့။ ရွာထဲမှာ လာကျသွားရင် ဘယ်လိုလုပ်မလဲ” ဟု ၎င်းက ပြောဆိုသည်။

ကျေးရွာအနီးဝန်းကျင်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြပြီး တိုက်ပွဲဖြစ်လာမည်ကိုလည်း စိုးရိမ်နေကြကြော်ငး ဒေသခံတို့က ပြောဆိုသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း ရေးမြို့နယ်၊ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ အနီးပတ်ဝန်းကျင်က ကျေးရွာ များထဲကို ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ် (၃၁၇) အမြောက်တပ်က လက်နက်ကြီးဖြင့် နှစ်ရက် ဆက်တိုက် ပစ်ခတ်ခဲ့သည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ ဝယ်ပေါင်၊ ကျုံလောင်း၊ ကိုင်းတော၊ ဘော်ဒိုး၊ နတ်တောင် ကျေးရွာ အနီး ရော်ဘာခြံထဲ ကျရောက်ပေါက်ကွဲခဲ့သည်။

ယင်းနောက် စစ်ကောင်စီတပ်က မွန်ဒေသတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကို ဆင်ခြင်ပြီး ထိန်းသိမ်း ပေးရန် မွန်ပြည်သစ်ပါတီက NCA ၈ နှစ်ပြည့်အခမ်းအနား တက်ရောက်ခဲ့စဉ်က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တောင်းဆိုခဲ့သေးသည်။

ယင်းတောင်းဆိုမှုအပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အလျင်အမြန်စုံစမ်းစိစစ်ရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တာဝန်ရှိသူကို ညွှန်ကြားထားသည်ဟု အောက်တိုဘာ ၂၀ ရက်နေ့က ထုတ်လွှင့်ခဲ့သည့် မွန်ပြည်သစ်ပါတီ သတင်းစဉ် ရုပ်သံတွင် ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် နိုင်ဗညားလယ်က ပြောဆိုခဲ့သည်။

သို့သော်လည်း စစ်ကောင်စီတပ်ဘက် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဝန်းကျင်ကို လက်နက်ကြီးဖြင့် ပစ်ခတ် နေသည့်ဖြစ်စဉ်များကို ဆက်လုပ်ဆောၚ်နေဆဲ ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီတာဝန်ရှိသူတို့ကို မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီသည် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကျင်းပသည့် နိုင်ငံရေးဆွေးနွေးပွဲသို့ ခြောက်ကြိမ် ထက်မနည်း တက်ရောက် ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီတပ်နှင့် နိုင်ငံရေးဆွေးနွေးမှုကို ရပ်တန့်ထားခဲ့သည်။