BREAKING
September 20, 2024

သထုံမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်၍ ဆိုင်ကယ်စီးလာသူ ၂ ဦးဒဏ်ရာပြင်းထန်

January 19, 2024

ပုံစာ - လက်နက်ကြီးထိမှန်သဖြင့် အသက်အန္တရာယ်စိုးရိမ်နေရသည့် စောသန်းမြင့်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲမရှိသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသည့် လင်မယား ၂ ဦး ကျည်ဆန်ထိမှန်ခဲ့ပြီး ခင်ပွန်းဖြစ်သူ အသက်အန္တရာယ် စိုးရိမ်နေရကြောင်းသိရသည်။

သထုံအခြေစိုက် အမှတ်(၉) ခြေမြန်တပ်ရင်းမှ ဇန်နဝါရီ ၁၈ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန် ခန့်တွင် လက်နက်ကြီး ၁၀ လုံးခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကော့လှိုင်းနှင့် ကုလားကုန်းကျေးရွာကြား ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ကျိုက္ကော်မြို့မှ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာသည့် ကော့လှိုင်းကျေးရွာနေ စောသန်းမြင့်နှင့် နော်ကူးကူးတို့ လင်မယား ၂ ဦးကို လက်နက်ကြီးကျည်ဆန် ထိမှန်သွားခြင်းဖြစ်သည်။

လက်နက်ကြီးထိမှန်ခဲ့သည့်အတွက် ခင်ပွန်းဖြစ်သူ စောသန်းမြင့်တွင် ညာဘက်ခြေထောက် ကျိုးကြေဒဏ်ရာရခဲ့သလို ဇနီးဖြစ်သူ နော်ကူးကူးမှာလည်း ညာဘက်ပေါင် ကျည်စထိမှန် ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှသိရသည်။

ကော့လှိုင်းကျေးရွာအုပ်စုမှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်၏ ထိန်းချုပ်နယ်မြေမှကျေးရွာတစ်ခုဖြစ်ကာ ယခုနှစ်ဆန်းပိုင်းမှစပြီး စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကော့လှိုင်းကျေးရွာအုပ်စုရှိ ကျုံမိန်ကျေးရွာဒေသခံ တစ်ထောင်ကျော်မှာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးပေ။