မက်ဆီနဲ့ စီရော်နယ်ဒို တို့ တွေ့ဆုံအားပြိုင်ကြမယ့် ရီယာ့ဒ်ဖိတ်ခေါ်ဖလား ချစ်ကြည်ရေးခြေစမ်းပွဲအတွက် တစ်စောင်တည်းအဖြစ် အထူးစီမံကာ လေလံစနစ်နဲ့ ရောင်းချပေးခဲ့တဲ့ VIP လက်မှတ်ကို ဆော်ဒီအာရေဗျ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ပေါင် ၂ ဒသမ ၂ သန်းအထိ ပေးချေကာ လေလံဆွဲသွားခဲ့ပြီး လေလံအောင်သွားခဲ့တယ်လို့ သိရှိရပါတယ်။
မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ အယ်လ်နတ်စ်ဆာ-အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ အားပြိုင်ကြမယ့် ရီယာ့ဒ်ဖိတ်ခေါ်ဖလား ချစ်ကြည်ရေးခြေစမ်းပွဲမှာ ထိပ်တိုက်တွေ့ဆုံ အားပြိုင်ကြမှာပါ။
စီရော်နယ်ဒိုဟာ အယ်လ်နတ်စ်ဆာ – အယ်လ်ဟီလယ်လ်အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး ကျောနံပါတ် ၇ ကို ဝတ်ဆင်ကာ ဒီပွဲကို ကစားသွားဖို့ ရှိနေပါတယ်။
ပေါင် ၂ ဒသမ ၂ သန်းအထိ ပေးချေကာ ဒီလက်မှတ်ကို လေလံအောင်သွားခဲ့တဲ့ ဆော်ဒီစီးပွားရေးလုပ်ငန်းရှင်ဟာ အထူးစီစဉ်ပေးထားတဲ့နေရာက ပွဲကြည့်ရှုခွင့်၊ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကို တွေ့ဆုံခွင့်၊ အနိုင်ရတဲ့အသင်းရဲ့ အောင်ပွဲခံအခမ်းအနားကို တက်ရောက်ခွင့်၊ နှစ်ဖက်အသင်းရဲ့အဝတ်လဲခန်းတွေဆီ သွားရောက်ခွင့် စတာတွေကို ရရှိလိမ့်မယ်လို့ သတင်းတွေက ဆိုပါတယ်။
စီရော်နယ်ဒိုနဲ့ မက်ဆီ တို့ တစ်ကျော့ပြန်လည် ထိပ်တိုက်တွေ့မယ့် ဒီချစ်ကြည်ရေးခြေစမ်းပွဲကို ဒီနေ့ည မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲမှာ ကျင်းပသွားဖို့ ရှိနေပြီး မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ ၂၀၂၀ ပြည့်နှစ်တုန်းက ဂျူဗင်တပ်ကနေ ဘာစီလိုနာကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်နောက်ပိုင်း ပထမပိုင်းအကြိမ်အဖြစ် ပြိုင်ဘက်တွေအနေနဲ့ ပြန်ဆုံကြတာပဲဖြစ်ပါတယ်။