BREAKING
January 22, 2025

NUG တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားနှင့် မေးမြန်းချက်

December 18, 2024

ဒေါင်းနက်အဖွဲ့ဝင်များကို ကျွန်းစုပကဖ ဖမ်းဆီးသွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံနှင့် တွေ့ဆုံမေးမြန်းထားချက်ကို ဖော်ပြလိုက်ပါသည်။

ကျွန်းစုမြို့နယ်အတွင်းလှုပ်ရှားနေသည့် ဒေါင်းနက် (Black Peacock) အဖွဲ့ဝင် ၄ ဦးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောဆိုထားသည်။

အဆိုပါ ဒေါင်းနက်အဖွဲ့သည် ‌ကျွန်းစုမြို့နယ်အတွင်း‌ရှိ လုပ်ငန်းရှင်အချို့နှင့် ကုန်သည်အချို့ကို သတ်ဖြတ်မည်ဆိုသည့် ခြိမ်းခြောက်စာများ ပေးပို့နေ‌သည့်အဖွဲ့ဖြစ်၍ ယင်းသို့ဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းများထွက်နေသည်။

တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားကမူ ဒေါင်းနက်အဖွဲ့ဝင်အချို့ကို ကျွန်းစုမြို့နယ် ပကဖ အဖွဲ့၏ အောက်ခြေရဲဘော်များက နားလည်မှုလွဲမှားကာ ဖမ်းဆီးခဲ့ခြင်းသာဖြစ်သည်ဟု ဆိုသည်။

ယင်းကြောင့်ဒေါင်းနက်အဖွဲ့ကိစ္စနှင့် ပတ်သက်၍ တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားအား မေးမြန်းထားချက်များကို ပြန်လည်ဖော်ပြလိုက်သည်။

နားလည်မှုလွဲပြီးဖမ်းတာ

ကျွန်းစုပကဖဆီကနေ လွှဲပြောင်းယူခဲ့တာမဟုတ်ဘူး။အဲဒီဒေါင်းနက်အဖွဲ့ကို ကျွန်တော်ခေါ်လိုက်တာ။ဘာကြောင့်လဲဆိုရင် ကျွန်းစုပကဖ လှုပ်ရှားတဲ့နယ်မြေမှာ အဲဒီဒေါင်းနက်အဖွဲ့က လှုပ်ရှားနေတဲ့ဟာတွေ ရှိတယ်။သူတို့အဖွဲ့အချင်းချင်းကြားမှာ ပွတ်တိုက်မှုလေးတွေ နည်းနည်းရှိတယ်။ဒီဒေါင်းနက်အဖွဲ့က လှုပ်ရှားနေတာနဲ့ပတ်သက်ပြီးတော့ ကျွန်းစုမြို့နယ်ခံ(ဒေသခံ) တွေကနေ ပြီးတော့ ကျွန်းစုပကဖကို တိုင်ကြားလာတဲ့ဟာတွေရှိတယ်။အဲတော့ အဖွဲ့အစည်းထင်ယောင်ထင်မှား ဖြစ်တဲ့ကိစ္စလေးတွေ ရှိပါတယ်။ ဒါတွေကိုဆွေးနွေးဖို့ဆိုပြီးတော့ကျွန်တော်ခေါ်လိုက်တာပါ။

ခေါ်လိုက်တဲ့အချိန်မှာ လမ်းတစ်နေရာမှာကျွန်းစု ပကဖ ရဲဘော်တွေနဲ့တွေ့တယ်။ ကျွန်းစု ပကဖ တာဝန်ခံကိုလည်း ကျွန်တော်ပြောထားပြီးသားဖြစ်တယ်။ ဒေါင်းနက်အဖွဲ့ကို ခေါ်တင်ထားတာရှိတယ်။တက်လာလို့ရှိရင် လာပြီးတော့ဆွေးနွေးကြပါ။ ပြဿနာတွေ ပြေလည်အောင်ဆွေးနွေးကြပါဆိုပြီး ကျွန်တော်ပြောထားတာရှိတယ်။သို့သော်လည်း အောက်ခြေရဲဘော်တွေက မသိတဲ့အခါကျတော့ လမ်းမှာတွေ့တော့ သူတို့ဖမ်းဆီးလိုက်တဲ့သဘောဖြစ်သွားတယ်။ အဲဒီသတင်း ရတာနဲ့ ကျွန်တော်ပြန်လွှတ်ခိုင်းလိုက်ပါတယ်။

လတ်တလောဆောင်ရွက်ထားတာကတော့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ လုပ်ငန်းရှင်တွေလည်းရှိတယ်။ အဲဒီမှာသူတို့ငွေကြေးတောင်းခံထားတာလည်း ပြောပါတယ်။ ကျွန်တော်ဆီကိုလည်း ဒီစာရွက်စာတမ်းတွေကို သူတို့ပြတယ်။ သူတို့ဒါတွေလုပ်ထားတာမှန်တယ်။ ဒါကလည်းပဲ တော်လှန်ရေးရဲ့လိုအပ်ချက်တွေကို ဥပမာ-လက်နက်ခဲယမ်းပေါ့။ ဒါတွေကို ဝယ်ယူဖြည့်တင်းဖို့အတွက် သူတို့တောင်းရခြင်းဖြစ်တယ်ဆိုတာ သူတို့ရှင်းပြတယ်။သတ်ဖြတ်တယ်ဆိုတဲ့ဟာကလည်းပဲ စစ်ကောင်စီရဲ့ဒေါက်တိုင်တွေပေါ့နော်။ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဒါတွေကို သူတို့ရှင်းလင်းခဲ့တယ်ဆိုတာတွေလည်း တစ်ချို့တစ်ဝက် ကျွန်တော်သိရတယ်။ အသေးစိတ်ကတော့ ကျွန်တော်မသိသေးပါဘူး။

ညှိနှိုင်းမှုပြေလည်

သဘောက ဘာကိုပြောချင်တာလဲဆိုတော့ ကျွန်တော်တို့ ဖမ်းလိုက်တာမဟုတ်ဘူး။ကျွန်တော်နဲ့ဆွေးနွေးဖို့ ကျွန်တော်ခေါ်လိုက်တာ။ခေါ်လိုက်တာဖြစ်တဲ့အတွက် မင်းတို့က ကျွန်းစုနယ်မြေမှာဘယ်လိုလုပ်မှာလဲ။ကျွန်းစုမှာဆိုရင် ကျွန်းစု ပကဖ ရဲ့လှုပ်ရှားမှုတွေရှိတယ်။ အဲတော့ လက်နက်ကိုင်ထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အခါကျတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ချိတ်ဆက်မှု မရှိထားဘူးဆိုလို့ရှိရင် နားလည်မှုတွေ လွဲပြီးတော့ပစ်ခတ်မှုတွေ ဖြစ်လာနိုင်တယ်။ ဒါတွေကို မဖြစ်အောင်ရှောင်ရှားနိုင်ဖို့။ တော်လှန်ရေးလုပ်တယ်ဆိုတာ ဘယ်နေရာမှာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်။ ဒါက မင်းအောင်လှိုင်ကို တော်လှန်တယ်ဆိုတာ။ ကျွန်တော်တို့က ဒီအပေါ်မှာ အများကြီးကန့်သတ်မှုမရှိပါဘူး။သို့သော်လည်း နယ်မြေထဲမှာ လက်နက်ကိုင်ထားတဲ့ အဖွဲ့အချင်းချင်းချိတ်ဆက်မှုရှိရှိနဲ့လုပ်ဖို့ ဆိုတဲ့ဟာက အဓိကအချက်ပါ။အဲဒီဟာဆွေးနွေးဖို့ ကျွန်တော်ခေါ်လိုက်တာပါ။

သူတို့ကတော့ တချို့ကိစ္စတွေကို သူတို့မသိဘူးပေါ့နော်။မသိဘဲ သူတို့ လုပ်ထုံးလုပ်နည်းနဲ့မညီဘဲနဲ့ စာတွေထုတ်တဲ့ဟာတွေ ဒါတွေကိုလည်းပဲ သူတို့ဝန်ခံပါတယ်။ဒါလေးတွေ ကျွန်တော်နားမလည်ပါဘူးတဲ့။အဲဒါဆိုလို့ရှိရင် မင်းတို့ချိတ်ဆက်မှုရှိရှိနဲ့ သွားဖို့လိုတယ်။ ဘယ်ပုံစံနဲ့သွားချင်တာလဲဆိုတော့ သူတို့က NUG အောက်ကနေပြီးတော့ သွားချင်တာပါ။ လောလောဆယ်မှာကတော့ ကျွန်တော်ကတော့ စစ်ကြောင်းရဲ့ကွပ်ကဲမှုအောက်ပေါ့နော်။ စစ်ကြောင်းဆိုတာက မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂ ရဲ့ ကွပ်ကဲမှုအောက်ကသွားပါ။ ဘာလုပ်လုပ် သတင်းပို့ပါ။ အဲလိုမျိုးနဲ့တော့ ကျွန်းစုပကဖနဲ့လည်း ပြေလည်မှုရအောင် လတ်တလောမှာဆောင်ရွက်ထားတာရှိတယ်ဗျ။

အချုပ်ပြောရမယ်ဆိုရင် အဲလောက်ပါပဲ။သူတို့ကို စနစ်တကျနဲ့ လုပ်ဖို့ပါပဲ။စည်းစနစ်တကျလုပ်ဖို့ပါပဲ။ အလုပ်လုပ်တဲ့နေရာမှာ။အဲတော့ လုပ်တဲ့အခါမှာလည်းပဲ ကွပ်ကဲမှုအဆင့်ဆင့်ခံယူပြီးသွားဖို့ ဒါလေးတွေတော့ ကျွန်တော်ပြောဖြစ်တယ်။ကျွန်တော်နဲ့ ဆွေးနွေးပြီးတာနဲ့ သူတို့ကို ပြန်လွှတ်ပေးလိုက်ပါတယ်။