BREAKING
December 18, 2024

ပုလော တပိုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့များတိုက်ခိုက်

December 18, 2024

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု တပိုရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့ဝင်များထံမှ သိရသည်။

ပုလောမြို့နယ်တွင် ရက်ရှည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် တပိုကျေးရွာဘုန်းကြီးကျောင်းတွင် အင်အား ၈၀ ဝန်းကျင်ဖြင့် တပ်စွဲထားသလို ကျေးရွာအတွင်းလှည့်လည်သွားလာနေကြောင်း ၎င်းတို့က ဆိုသည်။

ဒီဇင်ဘာလ ၁၆ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်သားများက‌ တပိုကျေးရွာ ရွာလယ်လမ်းမကြီးအား ဖြတ်ကူးချိန် တပိုတံတားထိပ်ဝန်းကျင်တွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်နှင့် တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

တစ်ချိန်တည်းတွင်ပင် ဇရပ်ဆိပ်ကျေးရွာဖက်က ပြည်သူ့ကာကွယ်ရေး PDF တပ်ရင်းနှင့်အဖွဲ့ကလည်း ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

“ဒီဘက် (တော်လှန်ရေး) ကနေ ဖိုးတီး (၄၀ မမ) နဲ့ပစ်တယ်။ ဒရုန်းနဲ့လည်း ချတယ်။ ဘုန်းကြီးကျောင်းထဲက ထမင်းချက်တဲ့ ဇရပ်နားကျတာပါ။ စစ်သားသုံးယောက် သေတယ်လို့သိရတယ်။ ထမင်းချက်ဆောင် နည်းနည်းပျက်စီးသွားတယ်။ တော်တော်နီးနီးကပ်ကပ်ကို ဖြစ်ကြတာပါ” ဟု အထက်ပါ ရဲဘော်က ပြောသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းအတွင်းမှ လက်နက်ကြီးအချက်ပေါင်း ၂၀ခန့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ထိုသို့ပစ်ခတ်မှုကြောင့် တပို၊ မိန်းမမြို့ရွာ၊ ဘိုင်းပြင်ရွာစသည့်‌ ကျေးရွာများတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခတ်ခဲ့သဖြင့် ခရီးသည်ယာဉ်များ ဖြတ်သန်း၍မရတော့ဘဲ တိုက်ပွဲပြီးမှ ထွက်ခွာသွားကြကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) အမှတ် (၇) တပ်ရင်း၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များက သွား‌ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ဆိုသည်။

“ကျွန်တော်တို့ဘက်တော့ အထိအခိုက်မရှိဘူးဗျ။ စစ်‌ကောင်စီဘက်က‌တော့ သုံးယောက်ကျဆုံး (သေ) တယ်လို့ မျက်မြင်အရတော့ သိရတယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက တပိုကျေးရွာအတွင်း နယ်မြေရှင်းလင်းနေကြောင်း ပြန်ကြားရေးတာဝန်ခံရဲဘော်အာနိုးက ဆိုသည်။

ဒီဇင်ဘာလ ၉ ရက်ကလည်း တပိုကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို သွားရောက် တိုက်ခိုက်ခဲ့သေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။