BREAKING
December 18, 2024

မြိတ်တွင် ဖခင်က ဆယ်ကျော်သက်သမီးအရင်းကို အဓမ္မပြုကျင့်

December 18, 2024

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု တရုတ်တန်းရပ်တွင် ဖခင်ဖြစ်သူက သမီးအရင်းကို ကာလကြာရှည် အဓမ္မကျင့်ခဲ့ကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။

အသက် ၄၀ ဝန်းကျင်အရွယ် ဖခင်က ၁၁ နှစ်အရွယ် သမီးအရင်းဖြစ်သူကို အကြိမ်ပေါင်းများစွာ အဓမ္မပြုကျင့်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ပြီးခဲ့သည့် တစ်နှစ်ခန့်က မိခင်ဖြစ်သူ ဆေးရုံတွင် ကလေးမွေးဖွားနေစဉ် နေအိမ်တွင်ကျန်ခဲ့သည့် သမီးကို စတင်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူအချို့၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ မိသားစုတွင် သားသမီးမည်မျှရှိသည်ကိုမူ တိတိကျကျမသိရသေးပေ။

ဒီဇင်ဘာလ ၁၃ရက်နေ့က ပြုကျင့်ပြီးနောက် အမျိုးသမီးအင်္ဂါနာကျင်သည်ဟုဆိုကာ နေမကောင်းဖြစ်ရာက စစ်ဆေးကြည့်ရာ အဖေဖြစ်သူက အဓမ္မပြုကျင့်ခဲ့သည့် အကြောင်းအရင်းကိုသိခဲ့ရကြောင်း ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုကြောင့် အမေဖြစ်သူက တရားလိုလုပ်ကာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မြိတ်မြို့ ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ၎င်းကဆိုသည်။

“ပြုကျင့်နေတာက တစ်နှစ်လောက်ကြာပြီတဲ့။ ကောင်မလေးကိုမေးကြည့်တာ အကြိမ်ရေမနည်းပြီပြောတယ်။ တခြားလူတွေကို‌ပြန်ပြောပြရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်သေးတယ်တဲ့ အဘ(အဖေ)ဖြစ်သူက”ဟု ပြုကျင့်ခံရသည့်မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မိန်းကလေးငယ်ကို သက်ဆိုင်ရာတာဝန်ရှိသူများစစ်ဆေးကြည့်ရာ အဖေဖြစ်သူက ပြုကျင့်ခဲ့ကြောင်းသိရသဖြင့် အဖေဖြစ်သူကို ရဲဝာပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း အဆိုပါ နီးစပ်သူက ဆိုသည်။

အထက်ပါ အကြောင်းအရာနှင့်ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းတာဝန်ရှိ ရဲအရာရှိတစ်ဦးကို Dawei Watch က ဆက်သွယ်မေးမြန်းရာ သတင်းဌာနများကို ဖုန်းဖြင့်မဖြေဆိုရန် အထက်ကညွှန်ကြားထားပြီး ရဲစခန်းကို လူကိုယ်တိုင်လာမေးပါက ဖြေဆိုပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။