BREAKING
January 12, 2025

ကံပေါက်တွင် ညဘက်နေအိမ်အချို့ ဝင်ရောက်ရှာဖွေခံရပြီး ဒေသခံလေးဦးဖမ်းဆီးခံရ

December 18, 2023

ပုံစာ - ကံပေါက် ကျောက်တိုင်လမ်းဆုံ ညဘက်မြင်ကွင်း (ပုံအဟောင်း)

ရေဖြူမြို့နယ်၊ ကံပေါက်ရွာတွင် နေအိမ်သုံးလုံးထက်မနည်းကို မောရဝတီရေတပ်က ဝင်ရောက်ရှာဖွေပြီး ဒေသခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦးတို့ကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

ဒီဇင်ဘာလ ၁၇ ရက် ညက လှည်းကုန်းရပ်ကွက်၊ မဂ္ဂင်ရပ်ကွက်နှင့် မိကျောင်းအိုင်ရပ်ကွက်များတို့တွင် ဝင်ရောက်စစ်ဆေး ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ဖမ်းဆီးခံရသူတို့မှာ မသဲစုမိုး၊ မသန်းသန်းစိုး၊ ကိုသားကြီးနှင့် ၎င်း၏ဇနီးဖြစ်သူတို့ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“ညက တစ်ညလုံး လမ်းပတ်ပြီး စစ်ကား ၂စီးနဲ့ အိမ်တွေဝင်စစ်သွားတယ်။ ပထမဆုံး လှည်းကုန်းက အိမ်တစ်အိမ်ကို အရင်ဝင်ပြီးမှ ကိုယ်ဝန်သည်တစ်ယောက်ခေါ်ပြီး သူ့တူမ (မသဲစုမိုး) ရဲ့ အိမ်ကို လိုက်ပြခိုင်းတယ်။ ပြီးမှနောက်အိမ်တွေ ထပ်ဝင်တယ်။ ကိုယ်ဝန်သည်ကိုတော့ ဖမ်းမသွားဘူး” ဟု လှည်းကုန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းတို့လေးဦးကို ဖမ်းဆီးသည့်အကြောင်းအရင်းနှင့် ထိန်းသိမ်းထားသည့်နေရာတို့ကို တိတိကျကျ မသိရသေးပေ။

အဆိုပါအဖမ်းခံရသူ လေးဦးတွင် ယခုနှစ်ဆန်းပိုင်းက စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးပြီး ခံဝန်ဖြင့် ပြန်လွှတ်ပေးထားသည့် အမျိုးသမီးတစ်ဦးပါဝင်ကြောင်း ဒေသခံတို့က ဆိုသည်။

ယခုကဲ့သို့ ဖမ်းဆီးမှုများမတိုင်မီ ဒီဇင်ဘာလ ၁၅ ရက်က ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ်စခန်းဌာနချုပ်၊ အရာရှိအိမ်ရာကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သည့်ဖြစ်စဥ်ရှိခဲ့သည်။

ကံပေါက်ဒေသတွင် ပေါက်ကွဲမှုဖြစ်စဥ်ဖြစ်ပေါ်တိုင်း ဒေသခံများကို မောရဝတီရေတပ်က ဖမ်းဆီးစစ်ဆေးလေ့ရှိပြီး ပြန်လွတ်လာသူများရှိသလို ပြန်မလွတ်လာဘဲ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသူလည်း ၄ ဦးရှိကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။