<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၄)
အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ)
အခန်း-၄၅-
(၁) ပျိုးပန်းဝေ စာသင်ကျောင်းနှင့် တောတွင်းပညာရေး
ပညာတပိုင်းတစနဲ့ တော်လှန်ရေးထဲပါလာတဲ့ ကျနော်တို့ အချင်းချင်းကြား နိုင်ငံခြားထွက်ပြီး ပညာဆက်သင်သင့်၊ မသင့် အငြင်းပွားမှု ကြီးကြီးမားမားရှိခဲ့တဲ့အကြောင်း ရှေ့ပိုင်းအခန်းတွေမှာ ကျနော် တင်ပြခဲ့ဖူးပါတယ်။
ဒါပေမယ့် ကျနော်တို့အကြား အငြင်းမပွားပဲ အားလုံးသဘောတူတဲ့ အချက်ကတော့ တပ်ဖွဲ့ဝင်မိသားစုတွေက မွေးဖွားလာတဲ့ မျိုးဆက်သစ် ကလေးငယ်တွေ၊ နောက်တခါ ရှေ့တန်းမှာ စစ်ကြောင်းသွားရင်းနဲ့ တွေ့ရတဲ့ မိဘမဲ့ကလေးငယ်တွေ၊ ပြည်တွင်းစစ်ဒဏ်ကြောင့် ကျောင်းမထားပေးနိုင်တဲ့ ကလေးငယ်တွေအတွက် မူလတန်းကျောင်းတခု ဖွင့်ပေးမှဖြစ်မယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။
ဒီစဉ်းစားချက်ကို စတင်အဆိုပြုလာသူကတော့ စခန်းကော်မတီ အဆက်ဆက်ရဲ့ ပြန်ကြားရေး တာဝန်ခံဖြစ်ပြီး အခု ဗလဖ-ခေတ်မှာ စာကြည့်တိုက်မှူးအဖြစ် တာဝန်ယူနေသူ ကျောင်းဆရာ ဦးဟန်လင်း ဖြစ်ပါတယ်။
တကယ်ကတော့ ဒီလိုစာသင်ကျောင်းတခု ဖွင့်ဖို့လိုနေတယ်လို့ ဦးဟန်လင်း တင်ပြနေတာ အတော်ကြာနေခဲ့ပါပြီ။ ဒါပေမယ့် တော်လှန်ရေးကို မနက်ဖြန်၊ သဖက်ခါ အောင်မြင်တော့မလိုလိုထင်နေတဲ့ ကျနော်တို့လူငယ်တွေက စစ်တိုက်ဖို့ပဲ အားသန်နေပြီး အနာဂတ်အတွက် ပြင်ဆင်စဉ်းစားရကောင်းမှန်း သိပ်အလေးမထားခဲ့ပါ။
ဒါကြောင့်လည်း ဒီကိစ္စကို စတင်အဆိုပြုသူဟာ ကျောင်းဆရာဟောင်း တဦးလည်းဖြစ်၊ သားသမီး ၅ ဦးရဲ့ ဖခင်လည်းဖြစ်တဲ့ ဦးဟန်လင်းဖြစ်နေတာ သဘာဝကျတယ်လို့ ပြောရမှာပါ။ သူရဲ့ အဆိုပြုချက်ကို အကောင်ထည်ဖော်တဲ့အနေနဲ့ “ပျိုးပန်းဝေ” စာသင်ကျောင်းကို စတင်ခဲ့တဲ့အချိန်ကတော့ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလထဲမှာလို့ ထင်ပါတယ်။
ကျနော်တို့ ကော်မတီဝင်တွေအကြား “ပျိုး” နဲ့ “ပြုံး” ကို အပြန်အလှန် ဆွေးနွေးငြင်းခုံခဲ့ကြပြီး နောက်ဆုံးမှာတော့ အပြုံးကိုဆိုလိုတာ မဟုတ်ပဲ အနာဂါတ်ကိုပြုစုပျိုးထောင်မယ့် ပန်းပျိုးလက်သဘောကို ဆိုလိုတာလို့ သဘောတူချက်ရပြီးမှ “ပျိုးပန်းဝေ” ဆိုတဲ့ ကျောင်းဆိုင်းဘုတ်ကို ရွေးခဲ့တာဖြစ်ပါတယ်။
ဒီကျောင်းအတွက် ပထမဆုံးရောက်လာတဲ့ ကျောင်းသား ၃-ဦးကတော့ ကျနော်တို့ စတင်တောခိုရာဒေသ ဘန်းချောင်းဝန်းကျင် ထားဝယ်-ကရင်ကျေးရွာငယ်လေးတခုမှာ မိဘက ကျောင်းမထားပေးနိုင်တဲ့ အသက် ၆-နှစ်ဝန်းကျင် ကျောင်းသူလေး ၂-ဦးနဲ့ ကျောင်းသားလေးတဦး ဖြစ်ပါတယ်။ ဒုတိယကတော့ နတ်အိမ်တောင်နဲ့ ပြည်ခြား-ပုလောဖက်မှာ မိဘက ကျောင်းမထားပေးနိုင်တဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။
တတိယ အင်အားစုကတော့ တပ်ရင်း ၃-ခုပေါင်း ရဲဘော်မိသားစုတွေက မွေးထားတဲ့ မျိုးဆက်သစ် ကလေးငယ်တွေ၊ ဦးဟန်လင်းတို့ မိသားစုလို မိသားစုအလိုက် တောခိုလာတဲ့ အင်အားစုတွေထဲက ကလေးငယ်တွေ ဖြစ်ပါတယ်။
ရှေ့မှာပြောခဲ့တဲ့အတိုင်း မနက်ဖြန်၊ သဖက်ခါ တော်လှန်ရေး အောင်မယ်လို့ ထင်နေတဲ့ ကျနော်တို့ လူငယ်တွေဟာလည်း ရဲဘော်မိသားစုတွေကနေ မွေးလာတဲ့ ကလေးငယ်တွေ အသက် ၆-နှစ်ပြည့်လို့ မူလတန်းကျောင်းသား အရွယ်ရောက်လာတာကို မျက်စိရှေ့မှာ မြင်တော့မှပဲ “သြော် ငါတို့တော်လှန်ရေးက ၆ နှစ်တောင်ကျော်ခဲ့ပြီပဲ” လို့ စဉ်းစားမိလာစေခဲ့ပါတယ်။
ရပ်ဝေးကနေ ရောက်လာတဲ့ ကလေးငယ်အားလုံးကို အဆောင်မှာထားပေးပြီး ကျွေးမွေးမှုကိစ္စ အားလုံးကို ကျောင်းကပဲ တာဝန်ယူရပါတယ်။ ရဲဘော်မိသားစု သားသမီးတွေကတော့ အိမ်ထောင်သည်လိုင်းကနေ ကျောင်းလာတက်ကြပါတယ်။ ကျောင်းဝတ်စုံ အဖြူ-အစိမ်းကအစ၊ စာအုပ်စာတန်းဖိုး အပါအဝင်အားလုံးကို တပ်ရင်းရန်ပုံငွေထဲကနေ သုံးစွဲရတာဖြစ်ပြီး တချို့ကိုတော့ ရှေ့ပိုင်းမှာတင်ပြခဲ့ဖူးတဲ့ ရတ်ချပူရီအခြေစိုက် ခရစ်ယာန်ကယ်ဆယ်ရေးအဖွဲ့ COERR က ကူညီပေးခဲ့ပါတယ်။
ဖွင့်ကာစမှာ ကျောင်းသား ကျောင်းသူ ၃၀ လောက်ရှိမယ်လို့ ထင်ပါတယ်။ ကျောင်းဆရာတွေကတော့ ဒီကိစ္စကို စတင်အဆိုပြုသူ ဆရာဦးဟန်လင်းက ကျောင်းအုပ်ဆရာကြီး၊ သူ့ရဲ့အမျိုးသမီး ဒေါ်ဌေးဌေးရီက ကျောင်းဆရာမကြီး၊ နောက်တခါ ရဲမေတဦးဖြစ်သူ မခင်ခင်ဝင်းက ကျောင်းဆရာမ၊ နောက် ရဲဘော်တွေထဲကလည်း အချိန်ပိုင်း လုပ်အားပေးဆရာတွေအဖြစ် ဝင်လုပ်ပေးခဲ့ကြပါတယ်။
ဒီကျောင်းမှာ ဘာတွေသင်မလဲဆိုတာနဲ့ ပတ်သက်ပြီးလည်း ကော်မတီဝင်တွေအကြား အတော် ငြင်းခုန်ဆွေးနွေးခဲ့ရပါသေးတယ်။ နောက်ဆုံးမှာတော့ မြန်မာနိုင်ငံတွင်းမှာ (အဲဒီကာလကတော့ ရန်သူ စစ်အစိုးရလို့ ကျောင်းသားတွေက ခေါ်တဲ့) အစိုးရက သတ်မှတ်ထားတဲ့ သင်ရိုးညွန်းတမ်းအတိုင်းသင်မယ်။ ဒါပေမယ့် အချက်လက်အမှားတွေ၊ ဝါဒဖြန့်တာတွေ ပါနေတဲ့ သမိုင်းဘာသာကိုတော့ မသင်ဘူး။ တကယ်လို့ သင်မယ်ဆိုရင်လည်း အချက်လက်အမှားတွေကိုဖယ်ပြီး လိုသလောက် အချက်တွေကိုပဲ ရွေးသင်မယ်လို့ ကျနော်တို့ သဘောတူခဲ့ပါတယ်။
ဆိုလိုတာကတော့ အမြင်မတူတဲ့ နိုင်ငံရေးကိစ္စကို ဘေးဖယ်ထားပြီး မျိုးဆက်သစ်ကလေးငယ်တွေ စာတတ်မြောက်ရေးအတွက် တခုတည်းကို ရှေ့ရှုပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ ပထဝီဘာသာတွေကိုသာ ဦးစားပေး သင်ပေးခဲ့တယ်လို့ ကျနော်မှတ်မိနေပါတယ်။
————————-
(၂) တောခိုပါတယ်ဆိုမှ ကျောင်းဆရာ ဆက်လုပ်ရဦးမှာလား
နောက်ပိုင်း ဦးဟန်းလင်းတို့မိသားစု ထိုင်းထဲထွက်သွားတဲ့ အခါမှာတော့ ဗလဖ-အဖွဲ့ဝင်တဦးဖြစ်သူ အင်ဂျင်နီယာ ကိုသိန်းဆောင်က ကျောင်းအုပ်ဆရာကြီးအဖြစ် တာဝန်ယူပြီး ကိုလေး (နောက်ပိုင်း တပ်ရင်း ၁ ရဲ့ ဒုရင်းမှူးဖြစ်လာသူ) က ကျောင်းဆရာအဖြစ် မင်းသမီးခစန်းကျတဲ့ ၁၉၉၇ ဖေဖော်ဝါရီလအထိ တာဝန်ယူခဲ့တာကို ကျနော်အမှတ်ရနေပါတယ်။
သူတို့ ၂ ဦးအပါဝင် ကျောင်းဆရာအတော်များများဟာ စေတနာအလျောက် ဝင်ရောက်ကူညီ နေကြတာသာဖြစ်ပြီး ဆရာဖြစ်သင်တန်းတွေ တခါမှ တက်ဖူးသူတွေ မဟုတ်ပါ။ နောက်ပိုင်းမှာတော့ ဗဟိုဖက်မှာ ကျောင်းဆရာသင်တန်းတွေ ဖွင့်လာတာ၊ ထူးချွန်တဲ့ဆရာတွေကို အနောက်နိုင်ငံတွေအထိ ပညာတော်သင်ပို့တာတွေ လုပ်ပေးခဲ့ပြီး ဗဟိုကျောင်းက ကိုလှဌေးဟာ အင်္ဂလန်နိုင်ငံ နယူးကာဆယ် တက္ကသိုလ်ကနေ သင်ကြားရေးပညာ မဟာဘွဲ့ရတဲ့အထိ ထူးချွန်ခဲ့တာကို တွေ့ရပါတယ်။
ဒါပေမယ့် အဲဒီကာလ ကျနော်တို့အကြား အငြင်းပွားနေတဲ့ အချက်တခုကတော့ မြန်မာနိုင်ငံမှာ ကျောင်းဆရာ အတွေ့အကြုံရှိသူတွေ တောထဲမှာ ကျောင်းဆရာ ဆက်လုပ်သင့်၊ မသင့်ကိစ္စပါ။
“လက်နက်ကိုင်ပြီး စစ်တိုက်ချင်လို့ တောခိုလာပါတယ်ဆိုမှ ကျောင်းဆရာ လုပ်ခိုင်းနေပြန်ပြီ။ ကျောင်းဆရာ ဆက်လုပ်ချင်မှာတော့ ဘာလို့တောခိုတော့မှာလဲ၊ ထားဝယ်မှာပဲနေပြီး စာဆက်သင်နေမှာပေါ့” လို့ ကျောင်းဆရာကနေ တပ်မှူးဖြစ်လာသူ ဆရာအောင်မြင့် ပြောဖူးတာကို ကျနော် မှတ်မိနေပါတယ်။
——————
(၃) လွတ်မြောက်ဒေသက ပညာရေးအခြေအနေ
မင်းသမီးစခန်းက ပျိုးပန်းဝေကျောင်းကိုကျော်ပြီး တော်လှန်ရေး နယ်မြေတခုလုံးရဲ့ အဲဒီကာလ ပညာရေးအခြေနေကို မှတ်မိသမျှတင်ပြရမယ်ဆိုရင် ABSDF တပ်ရင်းအတော်များများမှာ ပျိုးပန်းဝေလို မူလတန်းကျောင်းတွေ အသီးသီးပေါ်လာသလို ဗဟိုမှာလည်း ”ရောင်နီဦး” အလယ်တန်း၊ နောက်ပိုင်းမှာတော့ အထက်တန်းကျောင်းအထိ ပေါ်လာခဲ့ပါတယ်။
တော်လှန်ရေးသက်တမ်း ၇ နှစ်အရွယ် ABSDF မှာတောင် ဒီလိုကျောင်းတွေ ပေါ်လာပြီဆိုရင် တော်လှန်သက်တမ်း နှစ် ၄၀ ကျော်ရှိနေပြီဖြစ်တဲ့ KNU အပါဝင် တိုင်းရင်းလက်နက်ကိုင် အဖွဲ့တွေမှာ မူလတန်းကနေ အထက်တန်း အထိ၊ တချို့ဒေသတွေမှာဆိုရင် တက္ကသိုလ်နီးနီး အဆင့်တွေအထိ စနစ်တကျ သင်ကြားပေးနေလိမ့်မယ်ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။
အဲဒီကာလက ချင်းမိုင်အခြေစိုက် အမျိုးသားကျန်းမာရေးနဲ့ ပညာရေးကော်မတီ (NHEC) ရဲ့ စာရင်းဇယားတွေအရဆိုရင် အပစ်ရပ်နယ်မြေအပါဝင် တော်လှန်ရေးနယ်မြေ တကျောမှာ အထက်တန်းကျောင်းပေါင်း ၁၉-ကျောင်း၊ အလယ်တန်းကျောင်းပေါင်း ၉၅-ကျောင်း၊ မူလတန်းကျောင်း ၁၂၀၉-ကျောင်းရှိပြီး ကျောင်းသားကျောင်းသူဦးရေ တသိန်းခွဲခန့် ရှိတယ်လို့ သူတို့ရုံးက ကျောက်သင်ပုန်းပေါ်မှာ ရေးထားတာကို ကျနော်တွေ့ခဲ့ရပါတယ်။
ဒါပေမယ့် ဒီကျောင်းတွေအတွက် သင်ရိုးညွန်းတမ်းတွေကတော့ တကျောင်းတဂါထာ တရွာတပုဒ်ဆန်းဆိုသလိုပါပဲ။ KUN နယ်မြေမှာ ကော်သူးလေအစိုးရ ပညာရေးစနစ်ကတမျိုး၊ KNPP နယ်မြေမှာ ကရင်နီအစိုးရ ပညာရေးနစ်က တဖုံ၊ မွန်ပြည်သစ်နယ်မြေမှာ NMSP ပညာရေးစနစ်က တနည်း၊ ကချင်နယ်မြေမှာ KIO ပညာရေစံညွှန်းက တမျိုး၊ ABSDF လိုအဖွဲ့က တမျိုး စသဖြင့် အမျိုးမျိုးကွဲပြားနေပါတယ်။
ဒါကြောင့် NHEC ကဦးစီးပြီး လွတ်မြောက်ဒေသ တခုလုံးအတွက် သင်ရိုးညွန်းတမ်းရေးဆွဲရေး ဆယ်မီနာတခု လုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ အခုနှစ် ၂၀ ကြာပြီးတဲ့အချိန်မှာတော့ ဒီစာသင်ကျောင်းအများစုဟာ တော်လှန်ရေးနယ်မြေကနေ ဒုက္ခသည်စခန်းတွေဆီ ပြောင်းပြီး ဆက်လက် သင်ကြားပေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
………………………………………
သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၆)>>>>>
ထက်အောင်ကျော်