မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်မှာ ၂ နှစ်နီးပါးရှိလာပြီဖြစ်သည်။
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲဂယက်အဖြစ် ပဋိပက္ခနှင့် အထွေထွေအကျပ်အတည်းဒဏ်ကို ပြည်သူများခံစားနေကြရပြီး နယ်ဒေသများတွင် ပိတ်ထားသည့် အိမ်လေးများ တိုးတိုးလာခဲ့ပြီဖြစ်သည်။
နယ်ဒေသမှသူများအတွက် အိမ်ဆိုသည်က အဓိပ္ပါယ်လေးနက်လွန်းလှသည်။ သူတို့တစ်ဘဝလုံး အားထုတ်ခဲ့သမျှမှာ ခြံလေးဝန်းလေးနှင့် အိမ်လေးတစ်လုံး အတွက်ပင်ဖြစ်သည်။
အခုတော့ သူတို့တန်ဖိုးထားလှသည့် အိမ်လေးများကိုပိတ်ပြီး စွန့်ခွာသွားနေကြရသည်။
အိမ်လေးတွေ တံခါးပိတ်ပြီး စွန့်ခွာသွားရသူများတွင် အကြောင်းပြချက် အမျိုးမျိုးရှိကြသော်လည်း မူလရင်းမြစ်မှာ အာဏာသိမ်းမှုပင်ဖြစ်သည်။
တနင်္သာရီတိုင်းရှိ ကျေးလက်ဒေသများတွင်လည်း ပိတ်ထားသော အိမ်လေးများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေသည်။
ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ပိတ်ထားသော အိမ်လေးများ၏ ပိုင်ရှင်အချို့ကို တွေ့ဆုံကာ ဖော်ပြလိုက်ပါသည်။
“တစ်ရွာတည်းနေပြီး သူများမိသားစုဘဝကို ဖျက်ဆီးချင်ကြတဲ့သူတွေလေ”
ထားဝယ်က NLD ပါတီဝန်းရံသူတစ်ဦး
စစ်ကောင်စီအဖွဲ့နှင့် လက်အောက်ခံပျူစောထီးအဖွဲ့များရန်ကြောင့် ထွက်ပြေးနေရသူ။
DW ။ ဘာကြောင့်တိမ်းရှောင်နေရတာလဲဆိုတာ အရင်ဆုံးပြောပြပေးပါ။
ဖြေ ။ အဓိကကတော့ ပျူစောထီးအဖွဲ့တွေက ရန်ရှာလို့ပေါ့။ သူတို့နဲ့ပေါင်းပြီး စစ်ကောင်စီတပ် ။ ကလည်း အိမ်မှာလာရှာတာဆိုတော့ မနေရဲတော့တာနဲ့ ရှောင်နေတာပါ။
DW ။ သူ့တို့ကဘာကြောင့်ရန်ရှာတာလဲ။
ဖြေ ။ ပြောရရင်တော့အရှည်ကြီးပဲ။ ၂၀၂၀ ရွေးကောက်ပွဲမဖြစ်ခင်ကတည်းက ဖြစ်နေတာ။ ရွေးကောက်ပွဲမှာ ကျွန်မတို့ကို သူတို့ကရွာခံပျူစောထီးတွေက မကြည်ဘူး။ ကျွန်မတို့ကလည်း သူတို့နဲ့မတည့်ဘူး။ အဲဒီကတည်းက သူ့ကိုငါ့စောင်း၊ ငါ့ကိုသူစောင်း အဲလိုဖြစ်နေကြတာပေါ့။ ရွေကောက်ပွဲေအာင်ပွဲခံနေ့တုန်းက ဆောင်းဘောက်(အသံချဲ့စက်) ဖွင့်လို့ဆိုပြီး ရန်လာရှာကြသေးတယ်။ အာဏာသိမ်းတော့ ကျွန်မရှေ့ဆုံးမှာပါတယ်။ အဲဒီမှာလည်း ဓာတ်ပုံတွေလိုက်ရိုက်ပြီး ဖမ်းခိုင်းမယ်ကြည့်နေဆိုပြီး ခြိမ်းခြောက်တာခံရသေးတယ်။ နောက်တော့သူတို့မှာ လက်နက်တွေရသွားပြီးတဲ့အချိန်မှာ အိမ်ကိုရန်လာရှာတယ်။ ရိုက်ဖျက်တယ်။ မျိုးမျိုးလုပ်တယ်။ အဲဒီကတည်းက ကျွန်မတို့ကအိမ်မှာမနေကြတော့ဘူး။ ရှောင်ပြီးနေနေတာ။
DW ။ တစ်မိသားစုလုံး အိမ်ကိုဒီအတိုင်းထားပြီး ရှောင်နေတာ ဘယ်လောက်ကြာပြီလဲ။
ဖြေ ။ အခုဆို တစ်နှစ်လောက်ရှိနေပြီ။ အဲဒီကတည်းက အိမ်ဆိုတာ ဘာမှန်းမသိဖြစ်နေတာ အခုချိန်အထိပဲ။ ဘယ်လိုဖြစ်နေလဲဆိုတာလဲ အခုချိန်ထိ တစ်ခါမှကိုသွားမကြည့်ရတော့ဘူး။
DW ။ အိမ်ကိုလာရိုက်ဖျက်တာဆိုတော့ ပျက်စီးတာတွေရှိလား။
ဖြေ ။ အိမ်မှာပစ္စည်းကောင်းကောင်းဆို ဘာမှမရှိတော့ဘူး။ အကုန်ပါသွားပြီ။ အိမ်ပဲကျန်ခဲ့တယ်။ တံခါးတွေ၊ ပြူတင်းပေါက်တွေ ရိုက်ဖျက်ပြီးထားခဲ့တာ။
DW ။ အဲဒီအပေါ်ဘယ်လိုခံစားရလဲ။
ဖြေ ။ ဘယ်လိုပြောရမှန်းကိုမသိဘူး။ အရမ်းစိတ်နာတယ်။ လူကိုလုပ်မရလို့ အိမ်ကိုရန်ရှာတာ။ တဲအိုပျက်မှာပဲနေရတော့ တိုက်နဲ့နေရတဲ့ ကျွန်မတို့ကို မနာလိုလို့လုပ်တာပေါ့။ သူတို့မသုံးဖူးတဲ့ အိမ်ကဆိုဖာတွေ၊ တီဗီတွေအကုန် မသွားတာပေါ့။ သူတို့မဝယ်နိုင်လို့ပေါ့။ အဲ့လိုပဲသဘောထားတယ်။ တစ်ရွာတည်းနေပြီး သူများမိသားစုဘဝကို ဖျက်ဆီးချင်ကြတဲ့သူတွေလေ။ တွေးလိုက်တိုင်း ဒေါသဖြစ်ရတယ်။
DW ။ အိမ်မှာမနေရဘဲ တိမ်းရှောင်နေရတဲ့အပေါ်မှာရော ဘယ်လိုခံစားရလဲ။ ဘာပြောချင်တာရှိလဲ။
ဖြေ ။ ကိုယ့်အိမ်ကိုယ့်ရာကိုတော့ အရမ်းပြန်လာနေချင်တယ်။ ဒါပေမဲ့ ပြန်လာလို့မှမရတာ။ လူစိတ်မရှိတဲ့သူတွေ ကြီးစိုးနေသမျှတော့ ကျွန်မတို့အိမ်ပြန်လမ်းမရှိသေးဘူး။ အိမ်မှာမိုးယိုနေတာတောင် ပြင်လို့မရဘူး။ သွားပြင်ရင်၊ ပြင်ပေးတဲ့သူကိုရန်လုပ်တယ်။ အခုဆိုတော်တော်လေးပျက်နေပြီပြောတယ်။ ဆောက်ထားတာမှ နှစ်နှစ်လောက်ပဲရှိသေးတယ်။ အိမ်မှာတက်နေရတာ တစ်နှစ်တောင်ကောင်းကောင်းမပြည့်သေးဘူး။ ဒီအိမ်တစ်ဆောင်ရဖို့အတွက် ခြစ်ခြုတ်စုဆောင်းထားရတာ။ အခုဆိုရင် စီးပွားရေးတွေလည်းမလုပ်နိုင်တော့ဘူး။ အသက်ရှင်နေရဖို့အဓိကဖြစ်နေတယ်။
DW ။ စိတ်ဓာတ်ကျတာတွေဖြစ်မိတာရှိသေးလား။
ဖြေ ။ စစချင်းတုန်းကတော့ စိတ်ဓာတ်တော်တော်ကျတယ်။ အိမ်ကိုရိုက်ဖျက်တယ်ဆိုပြီး သတင်းကြားတုန်းကလေ။ သွားပြီငါ့အိမ်လေးတော့ ပျက်ပြီ။ ငါ့မှာအိမ်မဲ့ရာမဲ့ဘဝရောက်ရပြီဆိုပြီး စိတ်ဓာတ်တော်တော်ကျသွားတယ်။ အခုလည်း အိမ်မဲ့ရာမဲ့ဖြစ်နေတာပါပဲ။ သူများအိမ်မှာနေနေရတာကိုး။ နောက်တော့ အဲလိုမျိုးတစ်ယောက်နဲ့ တစ်ယောက် အားပေးစကားတွေပြောရင်းနဲ့ စိတ်ဖြေစရာတွေရလာတယ်။ အဓိကကတော့ တရားတွေနာဖြစ်လာတယ်။ ဘယ်အရာမှ မမြဲဘူး။ မတရားလုပ်တဲ့သူတွေကတော့ တစ်နေ့တူတဲ့အကျိူးပြန်ခံစားရမှာပဲ။ အဲလိုမျိုးစိတ်ကိုဖြေရတာပေါ့။
DW ။ အိမ်ကိုလွမ်းတာ၊ ပြန်လာချင်တာမျိုးတွေ ဖြစ်မှာပေါ့နော်။
ဖြေ ။ ပြန်လာချင်တာကတော့ နေ့တိုင်းပဲပေါ့။ အိမ်ကိုလည်းပြန်လာချင်တယ်။ ရွာကိုလည်း ပြန်လာချင်တယ်။ မိဘဆွေမျိုးတွေနဲ့ ဝေးနေရတဲ့ခံစားမှုကို ကိုယ်တိုင်ခံစားဖူးမှသိတာပါ။ ရွာကဓာတ်ပုံလေး ေတွလိုင်းထက်မှာFacebook ပေါ်မှာ ။ တက်လာရင်လေ။ ရင်ဘတ်ထဲမှာကိုအောင့်တယ်။
DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။
ဖြေ ။ အဓိကက ဘဝတူးသမားတွေကို ပြောချင်တာရှိတယ်ပေါ့နော်။ ကိုယ့်အိမ်ကိုယ့်ရာကိုပစ်ပြီး ပြေးနေရတာက ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ တစ်ချို့မှာဆို နေစရာအိမ်တောင်မရှိကြတော့။ တစ်ချို့ဆိုရင် အိမ်ကိုပြန်လာမယ့်သူတို့ ။ သားတွေ၊ မြေးတွေမရှိကြတော့ဘူး။ ငါ့ထက်ဒုက္ခဖြစ်ကြတဲ့သူတွေ ရေတွက်လို့မရအောင်ကို ရှိသေးတယ်။ စိတ်ဓာတ်မကျကြဖို့လိုတယ်။ တစ်နေ့ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ကိုပြန်ရောက်ရမယ်ဆိုတာ ယုံကြည်ပြီး အားတင်းထားကြဖို့ ပြောချင်တယ်။
DW ။ ကျေးဇူးတင်ပါတယ်။
“သမီးလေးဆို အိမ်ပြန်ချင်တယ် အမြဲပြောတယ်”
ထားဝယ်ခရိုင်က ဒလန်ဟု စွပ်စွဲခံရ၍ ထွက်ပြေးနေသူ အမျိုးသားတစ်ဦး
DW ။ ပထမဆုံး ပြောပြပေးစေချင်တာက ဘာလို့ ဒလန်လို့ စွပ်စွဲခံရတာလဲဆိုတဲ့အကြောင်း ပြောပြပါလား။
ဖြေ ။ အဓိကကတော့ ဆန္ဒပြပွဲတွေမှာ မပါလို့ထင်တယ်။ ပထမဆုံးစဖြစ်တာက သံဗုံးတီးတဲ့ဟာလေ။ အဲဒီတုန်းက သူများအိမ်တွေတီးကြတော့ ကျွန်တော်တို့အိမ်ကမတီးဖြစ်ဘူး။ မတီးဖြစ်ဘူးဆိုတာက အိမ်မှာက နေမကောင်းတဲ့သူရှိတယ်။ အဲဒါကြောင့် အိမ်က ကလေးတွေကတော့တီးကြတယ်။ နေမကောင်းဖြစ်နေတဲ့သူ ရှိတယ်ဆိုတော့ မတီးဖို့တားတာပေါ့လေ။ အဲကနေစဖြစ်တာလို့ထင်တယ်။
DW ။ သံပုံးမတီးလို့ စွပ်စွဲခံရတာလို့ ဆိုလိုချင်တာလား။
ဖြေ ။ အဲဒါကတစ်ခုပါတာပေါ့။ တစ်ခြားဟာတွေလည်း ပါသေးတာပေါ့။ ဆန္ဒပြပွဲတွေမလိုက်တာလည်း ပါတာပေါ့။ ပထမတုန်းကတော့ ဆန္ဒပြပွဲမလိုက်ဖြစ်ဘူး။ နောက်တော့လိုက်မလို့ဆိုပြီး သွားသေးတယ်။ ဘေးကနေလိုက်ကြည့်တာပေါ့။ အဲမှာဘာဖြစ်လဲဆိုတော့ လူတွေက ကျွန်တော်ကို့ ကွက်ကြည့်ကွက်ကြည့် ကြည့်ကြတာပေါ့။ မယုံသင်္ကာပုံစံမျိုးပေါ့။ သူလျိုလိုက်လုပ်နေတယ် အဲလိုထင်ကြတာပေါ့။ အဲဒါပြီးတော့ မလိုက်တော့ဘူး။ လိုက်ရင်လည်း မယုံကြတော့မလိုက်တာပဲကောင်းတာပေါ့။ ကလေးတွေလိုက်ကြတာကိုတော့ မတားဘူး။ အဲလိုမျိုးတွေဖြစ်ခဲ့တာပေါ့။
DW ။ ဘာကြောင့် မယုံကြတာလဲ။ အရင်ကဘာတွေလုပ်ဖူးလို့လဲ။
ဖြေ ။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီတုန်းက ဆန္ဒပြပွဲတွေကို နောက်ကလိုက်ကြည့်နေကြတဲ့ ရဲတွေ၊ စရဖတွေရှိတယ်ဗျ။ သူတို့က ကျွန်တော်နဲ့အရင်ကတည်းက သိကျွမ်းရင်းနှီးမှုရှိတယ်။ အဲတော့သူတို့က ကိုယ့်အနားကိုလာလာပြီး စကားလာပြောကြတယ်။ အဲဒါကိုမြင်ကြတဲ့သူတွေက ရဲကိုသတင်းပေးတယ်ဆိုပြီး ပြောကြတာပေါ့။ တကယ်ကဘာမှမဆိုင်ဘူး။ ဘာမှလည်း သတင်းပေးတာမရှိဘူး။ သူတို့ရဲတပ်ဖွဲ့ဝင် ။ မျက်စိနဲ့တပ်အပ်မြင်နေတာပဲကို ကျွန်တော်သတင်းပေးစရာ လိုလို့လား။ အဲဒါကိုမစဉ်းစားတတ်ကြဘူး။ မစဉ်းစားပဲနဲ့ လက်ညိုးထိုးပြီး ဒလန်လို့ပြောကြတာဗျ။
DW ။ ဒါနဲ့ဘာဖြစ်လို့ ရှောင်ပြီးနေနေရတာလဲဆိုတာပြောပြပေးပါ။
ဖြေ ။ ရှောင်နေရတယ်ဆိုတာက သူတို့က စာနဲ့လာပြီးသတိပေးတာ။ သူတို့ဆိုတာက PDF ကပေါ့။ ဘာမှမလုပ်ဘဲနဲ့ ဒီလိုစာပို့ခံရတာပေါ့။ စာကနှစ်ခါပို့တာဗျ။ ပထမတစ်ခါကတော့ နောက်မလုပ်ဖို့ပြောတာပေါ့။ ကိုယ်လဲဘာမှမလုပ်တော့ ဒီအတိုင်းပဲနေနေသေးတာပေါ့။ နောက်တစ်ခါကျတော့ ဆက်လုပ်နေသေးရင် စစ်ရေးအရ အရေးယူမယ်၊ ပြောရရင်တော့ ပစ်သတ်မယ်ပေါ့ဗျာ။ အဲတော့စဉ်းစားတာက ကိုယ်လည်းဘာမှမလုပ်ဘဲနဲ့ ဘာကိုကြည့်ပြီး အဲလိုလုပ်တာလဲပေါ့။ စဉ်းစားလို့ကိုမရဘူး။ ကိုယ်မလုပ်ဘူးဆိုတဲ့အကြောင်း ဘယ်သူ့ကိုသွားပြောလို့ ပြောရမှန်းလည်းမသိဘူး။ အမှန်တိုင်းပြောရရင်ဗျာ။ အိမ်ထဲကအိမ်ပြင်တောင်မထွက်ရဲတော့ဘူး။ ဘယ်သူ့မျက်နှာမှလည်း မကြည့်ရဲတော့ဘူး။ အဆိုးဆုံးက ကျွန်တော်ကြောင့် ကျွန်တော်မိသားစုတွေပါ ခံရတယ်ဗျာ။ ကြာကြာလာတော့ အိမ်မှာမနေရဲတော့ဘူးပေါဗျာ။ အဲဒါနဲ့နေလို့မဖြစ်တော့ဘူး။ ပြောင်းမှဖြစ်တော့မယ်။ သူတို့က အသက်အန္တရာယ်အထိ ခြိမ်းခြောက်လာပြီလေ။ အခုဆို တစ်နှစ်ပြည့်တော့မှာပေါ့ အိမ်မှာမနေရတာ။
DW ။ အစ်ကိုတို့ရဲ့ မိသားစုနေအိမ်ကို ဘယ်လိုထားခဲ့တာလဲ။
ဖြေ ။ ရုတ်တရက်ကြီးပြောင်းတာဆိုတော့ အိမ်ကို ဒီအတိုင်းပဲသော့ခတ်ပြီးထားခဲ့တာ။ အကြာကြီးရှောင်နေရမယ်လို့မှ မထင်ထားဘဲကိုး။ ဆွေမျိုးတွေကိုလည်း မအပ်ဖြစ်ခဲ့ဘူး။ အလုပ်တွေလည်းဒီအတိုင်းပဲ ပစ်ထားခဲ့တယ်။ အသက်ထက်အရေးကြီးတာ ဘာမှမရှိဘူးလေဗျာ။
DW ။ အခုလက်ရှိအစ်ကိုတို့ မိသားစုနေအိမ်က ဘယ်လိုဖြစ်နေပြီလဲ။ ပျက်စီးတာတွေရှိလား။
ဖြေ ။ လူမနေတဲ့အိမ်ကတော့ ပျက်စီးတာမြန်တယ်ဗျ။ မိုးတွင်းတုန်းကလည်း မိုးတွေပက်တာနဲ့ဘာနဲ့ဆိုတော့ ပျက်စီးတာတော့ရှိတာပေါ့။ အိမ်ရှေ့မှာဆိုလည်း ခြုံတွေထူနေပြီ။ အိမ်ကအိမ်နဲ့မတူတော့ဘူး။ ဇရပ်ပျက်ကြီးလိုဖြစ်နေပြီ။
DW ။ အဲဒီအပေါ်မှာ ဘယ်လိုခံစားရလဲ။ ဘာပြောချင်တာရှိလဲ။
ဖြေ ။ အတော်လေးကို စိတ်မကောင်းဖြစ်မိတယ်။ ကိုယ့်အိမ်ကိုယ့်ရာရှိရဲ့သားနဲ့ ကိုယ့်အိမ်ကိုယ့်ရာမှာ မနေရဘူးလေဗျာ။ သမီးလေးဆို အိမ်ပြန်ချင်တယ် အမြဲပြောတယ်။ သူဒီမှာမနေချင်ဘူး။ သူ့ရဲ့ကစားဖော် သူငယ်ချင်းတွေရှိတဲ့နေရာ ပြန်ချင်တယ် အဲလိုပဲ သတိရရင်တစ်ခါတစ်ခါ ထထပြောတယ်။ အဲလိုပြောရင်သူ့အမေကတော့ ကွယ်ရာရောက်ရင်ငိုတော့တာပဲ။ ငါ့ကြောင့်ဒီလိုဖြစ်ရတယ်ဆိုပြီး ကိုယ်တိုင်လည်း စိတ်မကောင်း ဖြစ်ရတာတော့ရှိတာပေါ့ဗျာ။ သူတို့ရှေ့မှာကျတော့ ဝမ်းနည်းပြနေလို့မရဘူးပေါ့။ စိတ်ထဲမှာတော့ဘယ်ကောင်းမလဲဗျာ။
DW ။ နောက်ထပ်ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။
ဖြေ ။ ကိုယ်မလုပ်ဘဲ ခံနေရတာတစ်ခုတော့ ပြောချင်တာရှိတယ်။ ဟုတ်လို့၊ မှန်လို့ခံရရင်ဝမ်းမနည်းဘူး။ လူတိုင်းမှာမိသားစုရှိတယ်။ လူတိုင်းမှာဘဝရှိတယ်။ သူတို့တွေကို ကျွန်တော်မဖျက်စီးဖူးဘူး။ ကျိန်ဆိုကျိန်ရဲတယ်။ မှန်လို့လုပ်တာဆိုရင် ဘယ်နေရာမှာ၊ ဘယ်သူ့ကိုလုပ်ခဲ့ဖူးတာရှိလဲ။ လာပြော။ သူများလက်ညှိုးထိုးတိုင်း ဟုတ်ချင်းမဟုတ်ချင်းကို ကိုယ်တိုင်လေ့လာ။ ဟုတ်ရင် ဟုတ်တဲ့သူကို ကြိုက်သလိုလုပ်။ မတရားတာတော့မလုပ်စေချင်ဘူး။
DW ။ ကျေးဇူးတင်ပါတယ်။
“ရွာကိုတော့ တော်ရုံနဲ့ပြန်နိုင်မယ်တော့ မထင်ဘူး”
တနင်္သာရီမြို့နယ်မှ တောအတွင်း စစ်ရှောင်နေသည့် မိခင်တစ်ဦး
DW ။ တောထဲမှာ စစ်ရှောင်နေတာ ဘယ်လောက်ကြာနေပြီလဲ၊ ဘာတွေအခက်အခဲရှိနေလဲ။
ဖြေ ။ စစ်ရှောင်နေတာက ခုဆိုရင်တစ်လကျော်နေပြီ။အခက်အခဲက အမျိုးမျိုးပဲကြုံနေရတယ်။ ထမင်းတော့စားနေရတယ်ပေါ့။ ငါးခြောက်ဖုတ်လေးနဲ့ တောထဲက အရွက်တွေကောက်ခူးပြီး ဖြစ်သလို စားနေရတယ်။ လူကြီးတွေက အောင့်အီးစားလို့ရပေမယ့် ကလေးတွေက နေ့တိုင်းနေ့တိုင်း ဒါနဲ့ပဲစားနေရတယ်ဆိုတော့ မစားနိုင်ဘူး။ ငိုတယ်ပေါ့။
DW ။ အလှူရှင်တွေကရော လာရောက်လှူဒါန်းတာတွေရှိသလား။ လုံလောက်ရဲ့လား။
ဖြေ ။ ပြင်ပအလှူရှင်တွေက လာမလှူဖူးပါဘူး။ PDF တွေလာပေးတာတော့ နဲနဲပါးပါးရတယ်။ လုံလောက်မှုတော့မရှိဘူးပေါ့။ ငါးခြောက်တွေ၊ ငရုတ်သီးခြောက်တွေ အခြောက်အခြမ်းတွေ လိုနေတယ်။ ငါးတွေသားတွေမရှိတော့ စားရေးသောက်ရေး တစ်အားပင်ပန်းတာပေါ့။ ငါးစားချင်ရင် အင်းတွေအိုင်တွေမှာ ငါးအိုင်ပက်ပြီး ဒီလိုပဲလိုက်ရှာစားနေရတာပေါ့။ ကလေးတွေလည်း မုန့်မစားရတာကြာပြီ။
DW ။ ကျန်းမာရေးအခြေအနေကရော ဘယ်လိုရှိနေကြလည်း။
ဖြေ ။ ကျန်းမာရေးအခြေအနေပြောရရင် အဓိကက ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှောတာမျိုးတွေ ဖြစ်နေတယ်။ ကလေးနှစ်ဆယ်မှာဆို ငါးယောက်နှုန်းလောက်ဖြစ်နေတယ်။ ဆေးဝါးကလုံလောက်မှုမရှိဘူး။ ရွာကနေစစ်ရှောင်လာတဲ့ ဆရာနဲ့ပြတယ်။ PDF တပ်ဖွဲ့ကဆေးမှူးတစ်ဦးကလည်း လာပြီးကုပေးနေတာရှိတယ်။ သူ့မှာလည်း ဆေးဝါးကသိပ်မရှိတော့ အားနာလို့ တော်ရုံဆိုမခေါ်ဘူး။ ကလေးတစ်အားဖြစ်မှပဲ အကြောင်းကြားကြတယ်။
DW ။ ယာယီစစ်ရှောင်စခန်းမှာ စစ်ရှောင်နေသူဘယ်လောက်ရှိလဲ။ အားလုံး လုံလုံခြုံခြုံရောရှိရဲ့လား။
ဖြေ ။ စစ်ရှောင်လာသူက အနောက်မော်တုံးတစ်ရွာတည်းပါ။ ငါးရာလောက်တော့ရှိတယ်။ သူ့တဲနဲ့သူ ဟိုနားတစ်စုဒီနားတစ်စု နေကြတာပေါ့။ ကျွန်မတို့တဲမှာဆို ကလေးလူကြီး ငါးဆယ်ရှိတယ်။ လက်ရှိအချိန်အထိ ဘာမှမဖြစ်သေးပေမယ့်။ စစ်တပ်က ညဆိုရင် ရွာဖက်ကို လက်နက်ကြီးနဲ့ မကြာမကြာပစ်တယ်။ လက်နက်ကြီးပစ်ရင် အိပ်လို့မရဘူး။ငါတို့ဆီကိုလည်း ဘယ်ခါလာကျွန်မလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ ထထိုင်နေရတယ်။
DW ။ ရွာအခြေအနေရော ဘာတွေကြားရသေးလဲ။ ဘယ်တော့လောက် ရွာပြန်နိုင်မယ်လို့ ထင်လဲ။
ဖြေ ။ ရွာမှာတော့ စစ်ကောင်စီတပ်က ညဖက်လက်နက်ကြီးနဲ့ပစ်လို့ ပျက်စီးတဲ့အိမ်တွေ များလာတယ်လို့ ကြားရတယ်။ မရိပ်ရသေးတဲ့ စိုက်သားလယ်တွေလည်း အများကြီးရှိနေသေးတယ်။ ရွာကိုတော့ တော်ရုံနဲ့ပြန်နိုင်မယ်တော့ မထင်ဘူး။ ပစ်တာခတ်တာတွေက အရင်ကထက်ပိုဆိုးလာတယ်။ဒီဖက်က ပစ်တာကနဲနဲ စစ်တပ်ဖက်က ပစ်တာကများများဖြစ်နေတယ်။ မြို့ပေါ်တက်နေဖို့ဆိုတာကလည်း စားရေးသောက်ရေးက ပြဿနာရှိတယ်လေ။
DW ။ ဒါနဲ့ပတ်သက်ပြီး တစ်ခြားဘာတွေများ ပြောချင်တာတွေရှိသေးလဲ။
ဖြေ ။ စစ်မဖြစ်ဘဲ အေးအေးချမ်းချမ်း နေနေရတဲ့သူတွေအနေနဲ့ တောထဲတောင်ထဲပြေးပုန်းနေရတဲ့ ကျွန်မတို့ဘဝတွေကို ကိုယ်ချင်းစာတရားလေးထားပြီး တတ်နိုင်ရင်စားစရာ တစ်ချို့လှူပေးကြဖို့ ကျွန်မအနေနဲ့ တောင်းဆိုချင်ပါတယ်။
DW ။ ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။