BREAKING
January 22, 2025

အမေရိကန်လုပ် တာဝေးပစ်ဒုံးကျည်ဖြင့် ယူကရိန်း၏ တိုက်ခိုက်မှု တတိယကမ္ဘာစစ်ဖြစ်လာနိုင်ဟု ရုရှား ဆို

November 18, 2024

ရုရှားနယ်မြေအတွင်းပိုင်းအထိ ပစ်ခတ်တိုက်ခိုက်နိုင်ရန် တာဝေးပစ်ဒုံးကျည်များ ယူကရိန်းသို့ ပေးအပ်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်ကြောင့် ယူကရိန်းပဋိပက္ခ ပိုအရှိန်မြင့်လာပြီး တတိယကမ္ဘာစစ်ဆီ ဦးတည်သွားစေနိုင်ကြောင်း ရုရှား အကြီးတန်း လွှတ်တော်အမတ်များက ပြောဆိုခဲ့သည်။

“နောက်တနေ့မနက်မှာပဲ ယူကရိန်းရဲ့ နိုင်ငံဖြစ်မှု လုံးဝပျက်စီးသွားစေနိုင်လောက်အောင် စစ်ရှိန်မြှင့်လိုက်တဲ့ ဆုံးဖြတ်ချက်မျိုးကို အနောက်အုပ်စုဘက်က ချမှတ်လိုက်ပါတယ်” ဟု ရုရှားအထက်လွှတ်တော် ဖက်ဒရေးရှင်းကောင်စီ၏ စီနီယာအဖွဲ့ဝင်တစ်ဦးဖြစ်သူ Andrei Klishas က ဆိုခဲ့ပါတယ်။

ယင်းဆုံးဖြတ်ချက်ကြောင့် ရုရှားဘက်မှလည်း ချက်ချင်းတုံ့ပြန်သွားမည်ဟု ရရှားအထက်လွှတ်တော် နိုင်ငံတကာရေးရာကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Vladimir Dzhabarov က ပြောပါတယ်။

“ဒါဟာ တတိယကမ္ဘာစစ်ဖြစ်လာဖို့အတွက် အင်မတန်ကြီးမားတဲ့ ခြေလှမ်းတစ်လှမ်းပဲ” ဟု Dzhabarov က ပြောဆိုခဲ့ကြောင်း ရုရှားအစိုးရပိုင် TASS သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။

အနောက်အုပ်စုက ဖန်တီးထားသည့် တာဝေးပစ်ဒုံးကျည်များဖြင့် ယူကရိန်းက ရုရှားနယ်မြေအတွင်းသို့ တိုက်ခိုက်ရန် အနောက်အုပ်စုက ခွင့်ပြုပေးလိုက်ခြင်းသည် ရုရှားအပေါ် အနောက်အုပ်စု၏ တိုက်ရိုက်တိုက်ခိုက်မှုသာ ဖြစ်ပေလိမ့်မည်ဟု ရုရှားသမ္မတပူတင်က စက်တင်ဘာလတွင် ပြောခဲ့ဖူးသည်။

အနောက်အုပ်စု၏ ယင်းလုပ်ရပ်က ယူကရိန်းပဋိပက္ခ၏ သဘာဝနှင့် အရွယ်အစားကို ပြောင်းလဲသွားစေလိမ့်မည်ဟု ၎င်းက ဆိုသည်။

ယင်းခြိမ်းခြောက်မှုအသစ်များ ပေါ်ပေါက်လာလျှင် ရုရှားအနေဖြင့် “သင့်လျော်သော ဆုံးဖြတ်ချက်များ”ကို မဖြစ်မနေ ချမှတ်ရလိမ့်မည်ဟုလည်း ပူတင်က ပြောသည်။

ယူကရိန်းအား ATACMS တာဝေးပစ်ဒုံးကျည်များ ပေးအပ်လိုက်မှုကြောင့် ရုရှားဘက်မှ အပြင်းထန်ဆုံး တုံ့ပြန်မှုနှင့် တွေ့ရလိမ့်မည်ဟု ရုရှားအောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ Leonid Slutsky ကလည်း ပြောခဲ့ကြောင်း ရုရှားမီဒီယာများက ဖော်ပြခဲ့သည်။

“ရုရှားနယ်မြေအတွင်းပိုင်းအထိ အမေရိကန်ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် ဆိုးရွားပြင်းထန်တဲ့ စစ်ရေးအရှိန်မြင့်တင်းမာမှုတွေ မလွဲမသွေ ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒါက ပိုဆိုးရွားပြင်းထန်တဲ့ အကျိုးသက်ရောက်မှုတွေကို ဖြစ်ပေါ်လာစေဖို့ ခြိမ်းခြောက်နေတယ်”ဟု ၎င်းက ပြောဆိုခဲ့ကြောင်းကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန်လုပ် ATACMS တာဝေးပစ်ဒုံးကျည်များဖြင့် ရုရှားကို တိုက်ခိုက်ရန် သမ္မတဂျိုးဘိုင်ဒန်က ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း အမေရိကန်ထိပ်တန်းအရာရှိနှစ်ဦးနှင့် သမ္မတနှင့် နီးစပ်သူတစ်ဦးက တနင်္ဂနွေနေ့က ပထမဆုံး ထုတ်ဖော်ပြောဆိုလိုက်သည်။

ယခုလိုမျိုး တာဝေးပစ်ဒုံးကျည်ဖြင့် ရုရှားပိုင်နယ်အတွင်းပိုင်းသို့ ပစ်ခတ်တိုက်ခိုက်ခွင့်ရရန် ယူကရိန်းသမ္မတဗိုလိုဒီမီယာဇလန်စကီးက တောင်းဆိုနေခဲ့သည်မှာ လနှင့်ချီကြာမြင့်နေခဲ့ပြီ ဖြစ်သည်။

သမ္မတရာထူးမှ အနားယူရန် နှစ်လအလိုတွင် ထွက်ပေါ်လာသည့် ဂျိုးဘိုင်ဒန်၏ ယင်းဆုံးဖြတ်ချက်သည် အမေရိကန်၏ ကြီးမားသည့် မူဝါဒအပြောင်းအလဲကို ဖော်ပြနေသည်။

ATACMS ဟု အမည်ရှိ အမေရိကန်လုပ် တာဝေးပစ်ဒုံးကျည်များသည် ၁၈၆ မိုင်အကွာအဝေးအထိ ပစ်ခတ်နိုင်သည့် ဗျူဟာမြောက်လက်နက်အမျိုးအစားဖြစ်သည်။ အရှိန်ပြင်းထန်သည့်အတွက် ကြားဖြတ်ဟန့်တားရန် ခက်ခဲသည့်လက်နက်အမျိုးအစားဟု သိရသည်။

Source – Reuters , CNN