BREAKING
December 22, 2024

မြိတ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

November 18, 2024

ပုံစာ - ကြိုးဆွဲချသေဆုံးသူ၏ ရုပ်အလောင်းအား သယ်ဆောင်နေစဥ်။ ဓာတ်ပုံ - ချမ်းမြေ့ကျန်းမာရေးအထောက်အကူပြုအသင်း။

မြိတ်မြို့တွင် ကြိုးဆွဲချသေဆုံးနေသည့် အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ဦးကို ယနေ့ နိုဝင်ဘာလ ၁၈ ရက် ညနေပိုင်းတွင်တွေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ပါရမီ (၂) ရပ်ကွက်၊ ပေ ၆၀ လမ်းရှိ နေအိမ်တစ်အိမ်တွင် နိုဝင်ဘာလ ၁၇ ရက် ညကတည်းက ကြိုးဆွဲချသေဆုံးနေခြင်းဖြစ်ပြီး နောက်တစ်ရက် ညနေမှသာ ရပ်ကွက်နေသူများက တွေ့ရှိသဖြင့် ရဲစခန်းအကြောင်းကြားခဲ့ကြောင်း ရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။

အဆိုပါအမျိုးသား၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်များက လာရောက်သယ်ဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။

သေဆုံးသည့်အမျိုးသားသည် နေအိမ်တွင် တစ်ဦးတည်းကျန်နေသည့်အချိန်တွင် ကြိုးဆွဲချခဲ့ခြင်းဖြစ်ကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောဆိုသည်။

ကြိုးဆွဲကျသေဆုံးသည့် ရုပ်အလောင်းကို ရဲတပ်ဖွဲ့ဝင်များနှင့် ရာအိမ်မှူးတို့က လာရောက်စစ်ဆေးပြီးနောက်တွင် ရုပ်အလောင်းကို သယ်ဆောင်ခိုင်းခဲ့ကြောင်း ချမ်းမြေ့ကျန်းမာရေးအထောက်အကူပြုအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါအမျိုးသား၏ ရုပ်အလောင်းကို မြိတ်မြို့ရှိ စစ်ကောင်စီတပ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခုနှစ် မတ်လနှင့် ဧပြီလကလည်း မြိတ်မြို့တွင် ကြိုးဆွဲချသေဆုံးသူ အမျိုးသားနှစ်ဦးရှိခဲ့သည်။