မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဥတ္တံတားကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် ဆက်စပ်သည်ဆိုပြီး နေအိမ် ခြောက်လုံးကို စစ်ကောင်စီက ချိပ်ပိတ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဥတ္တံတားကျေးရွာတွင် နေထိုင်သည့် ဦးကျော်စွာ၊ ဦးအောင်ကျော်မိုး၊ ဒေါ်သန်းဦး၊ ဦးစိန်သောင်း၊ ဦးဖိုးပျော့၊ ဦးစဦးတို့၏ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာလဒုတိယအပတ်အတွင်း လာရောက်ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။
“ချိပ်ပိတ်လိုက်တော့ အိမ်မှာရှိနေကြတဲ့လူတွေက ပြောင်းပေးကြရတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
အဆိုပါနေအိမ်များတွင် နေထိုင်နေကြသည့် မိသားစုဝင်များကို စစ်ကောင်စီတပ်က နေအိမ် ချိပ်မပိတ်မီ တစ်ပတ်အလိုကတည်းက ပြောင်းရွှေ့ခိုင်းထားကြောင်း ဒေသခံတို့က ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ပထမအပတ်အတွင်းက ဥတ္တံတား၊ ညောင်ကုန်းကြီးနှင့် သဲကုန်းကျေးရွာက ဒေသခံအမျိုးသား ရှစ်ဦးကို PDF အဖွဲ့ဝင်များဖြစ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ယခုနေအိမ်များ ချိပ်ပိတ်မှုမှာ အဆိုပါဖမ်းဆီးမှုနှင့် ဆက်စပ်နေသည်ဟု သတင်များထွက်နေကြောင်းလည်း ဒေသခံများက ပြောဆိုသည်။
ပေါင်မြို့နယ်အတွင်း PDF နှင့် ပတ်သက်ဆက်နွယ်သည်၊ ထောက်ပံ့သည်ဟုဆိုကာ ဒေသခံများကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေသည့်အပြင် လမ်းသွားလမ်းလာ လူငယ်များကိုလည်း PDF ဟု စွပ်စွဲကာ ဖမ်းဆီးမှုလည်း ရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဖမ်းဆီးခံရသူ အများစုကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် စစ်ကောင်စီက အမှုဖွင့်အရေးယူပြီး နေအိမ်ပိုင်ဆိုင်မှုများကိုလည်း ချိပ်ပိတ်မှု ဆက်တိုက်ပြုလုပ်နေသည်။