BREAKING
April 19, 2025

ဘန်ကောက်တွင် မြန်မာလုပ်သားတစ်ဦး ထိုင်းထီဘတ်ခြောက်သန်းပေါက်

November 18, 2024

ပုံစာ - ဘန်ကောက်အနီး ဆောက်လုပ်ရေးလုပ်နေသော ရွှေ့ပြောင်းအလုပ်သမားများ။ ဓာတ်ပုံ - Bangkok Post

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားတစ်ဦးသည် နိုဝင်ဘာလ ၁၆ ရက်က ဖွင့်လှစ်သော ထိုင်းထီတွင် ပထမဆု ဘတ် ခြောက်သန်းပေါက်ကြောင်း မြန်မာအလုပ်သမားအရေးကူညီနေသည့် AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ထိုင်းထီ ပထမဆုဂဏန်း ၁၈၇၂၂၁ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခြင်းဖြစ်သည်။

မြန်မာအလုပ်သမားသည် ဘန်ကောက်မြို့ ဘန်ဘော်နယ်မြေတွင် နေထိုင်ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသူဖြစ်ကြောင်း AAC အဖွဲ့ထံမှ သိရသည်။

အလုပ်လုပ်ကိုင်နေစဉ် ထီသည်အဖိုးကြီးထံ ထီတစ်စောင် ဝယ်ယူကံစမ်းခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

“တွန်းလှည်းလေးနဲ့ လာရောင်းတာ။ ခြေတစ်ဖက် ပြတ်နေတယ်ဆိုတော့ အဘိုးကြီးကို သနားလို့ဆိုပြီး ဝယ်လိုက်တာ။ အဲဒီမှာ ပေါက်သွားတာ” ဟု ၎င်းက ပြောဆိုသည်။

ဆုငွေများကို ယနေ့ နိုဝင်ဘာလ ၁၈ ရက်တွင် ထုတ်ယူပေးခဲ့ပြီး ထီပေါက်သူလက်ဝယ် ပေးအပ်ပြီးဖြစ်ကြောင်း ဦးခိုင်ကြီးက ဆိုသည်။

ထီပေါက်သော မြန်မာနိုင်ငံသားသည် ချင်းပြည်နယ်၊ ထန်တလန်မြို့ ဇာတိဖြစ်ပြီး တိုက်ပွဲများကြောင့် ၎င်း၏ နေအိမ် ပျက်စီးသွားပြီဟု မြန်မာနိုင်ငံသားက ပြောဆိုကြောင်း AAC ထံမှ သိရသည်။

ပြီးခဲ့သော အောက်တိုဘာလ ၁ ရက်ကလည်း ထိုင်းထီ ပထမဆု ဘတ် ခြောက်သန်းစီ မြန်မာနှစ်ဦးက ကံထူးခဲ့သည်။