BREAKING
December 22, 2024

ဘုတ်ပြင်းတွင် ဇီဝဇိုးငှက်မွေးသူများလာ

November 18, 2024

ဓာတ်ပုံ - Dawei Beauty

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဇီဝဇိုးငှက်မွေးသူများလာကြောင်း ဒေသခံအချို့က ပြောသည်။

မြို့နယ်အတွင်း ကျေးရွာတိုင်းနီးပါးတွင် ငှက်မွေးကြပြီး ကျေးရွာတစ်ရွာလျှင် ဇီဝဇိုးငှက်မွေးသည့် အိမ်အရေအတွက်က အနည်းဆုံး ၁၅ အိမ်နီးပါးအထိရှိကာ နေအိမ် အပေါ်ထပ်တွင် ဇီဝဇိုးငှက်မွေးထားသည့် တစ်နိုင်တစ်ပိုင် မွေးသူလည်း ပိုများလာကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ငါးနှစ်ခန့်ကမူ တစ်ရွာလျှင် လေးအိမ်ခန့်သာ မွေးမြူကြရာက လက်ရှိအချိန်တွင် ငှက်မွေးမြူသူ ပိုများလာကြောင်း ၎င်းတို့က ဆိုသည်။

၂၀၁၉ ခုနှစ် သစ်တောဦးစီးဌာန၏ စာရင်းအရ တနင်္သာရီတိုင်းအတွင်း ဇီဝဇိုးငှက်မွေးမြူသည့် အိမ်လေးရာ နီးပါးရှိသည်။

ဇီဝဇိုးငှက်အန်ဖတ်ဖြစ်သည့် ငှက်သိုက်မှာ တစ်နှစ်ထက်တစ်နှစ် ဈေးကောင်းရလာသည့်အတွက် ငှက်မွေးသူ ပိုများလာခြင်း ဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ မနိုးရိုးကျေးရွာအုပ်စုတွင် ငှက်သိုက်အိမ်နှစ်လုံးပိုင်ဆိုင်သူတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့်နှစ်က အရည်အသွေးအပေါ်မူတည်ကာ ငှက်သိုက်တစ်ပိဿာလျှင် ကျပ်သိန်း ၂၀ မှ သိန်း ၃၀ ကြား ပေါက်ဈေးရှိပြီး ယခုနှစ်တွင် သိန်း ၃၀ ဝန်းကျင်မှ သိန်း ၅၀ ကျော်အထိ ဈေးရှိနေကြောင်း စုံစမ်းသိရသည်။

“ကြေးပြား (ငွေ) ရှိရင် ငှက်အိမ်ပဲ ဆောက်စေချင်တယ်။ ဘာမှ ပင်ပင်ပန်းပန်းမလုပ်ရဘူး။ အိမ်ပေါက်ငှက်တွေ များလာ ရင်တော့ ငှက်သိုက်ကောက်ပြီး အေးဆေးထိုင်စားနေရုံပဲ” ဟု အထက်ပါ ငှက်သိုက်အိမ်နှစ်လုံးပိုင်ဆိုင်သူက ပြောသည်။

ဇီဝဇိုးငှက်အိမ်များကို မြို့ပြတွင်သာမက ကျေးရွာများတွင်ပါ တွေ့ရပြီး ငှက်မွေးသည့်အိမ်ကို သစ်သားဖြင့် ဆောက်လုပ် ကြသလို ဘိလပ်မြေဖြင့် တိုက်ဆောက်ပြီး စီးပွားဖြစ်မွေးမြူလေ့ရှိသည်။

ငှက်မွေးသည့်အိမ်၏ အရွယ်အစား၊ အသုံးပြုသည့် သစ်အမျိုးအစားအပေါ်မူတည်ပြီး ကျပ်သိန်းရာချီမှ ကျပ်သိန်းထောင်ချီအထိ ကုန်ကျလေ့ရှိကြောင်း ငှက်မွေးမြူသူများထံမှ သိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်း အိမ်ဆောက်နေသည့် လက်သမားတစ်ဦးကမူ လက်ရှိအချိန်တွင် လူနေအိမ်ထက် ငှက်မွေးသည့် အိမ်ကို ပိုဆောက်နေရပြီး တစ်နှစ်လျှင် ငှက်အိမ် ရှစ်လုံးခန့်အထိ ဆောက်လုပ်နေရကြောင်း ပြောဆိုသည်။

“သစ်(သား)အိမ်ဆောက်မယ်ဆိုရင် သစ်ကောင်းသုံးဖို့လိုတယ်။ မြန်မြန်မဆွေးအောင်ပေါ့။ ပြန်ပြုပြင်ဖို့ မလွယ်ဘူးလေ။ ပြန်ပြုပြင်ရင် ဆူညံသံတွေကြောင့် အိမ်ပေါက်ငှက်တွေ မလာကြတော့ဘူး” ဟု ၎င်းက ပြောသည်။

ငှက်သိုက်အိမ်များတွင် ဇီဝဇိုးငှက်များအတွက် သင့်တော်သည့်အပူချိန်၊ စိုထိုင်းဆ၊ အစားအစာနှင့် ရေများကို ဖြည့်ဆည်း ပေးထားရပြီး ငှက်အော်သံအတုကိုလည်း စပီကာများဖြင့် ထုတ်လွှတ်ထားလေ့ရှိသည်။