မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အနန်းပင်ကျေးရွာ ခရိုင်ချင်းဆက်လမ်းတွင် အလှူက ပြန်လာသည့် မော်တော်ယာဉ် တိမ်းမှောက်ပြီး လူ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
နိုဝင်ဘာလ ၁၇ ရက် နံနက် ၁၀ နာရီခန့်က ဖားပိန်ကုန်းရွာဒေသခံ ၃၀ ဦးခန့် လိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီးသည် အနန်းပင်ကျေးရွာအရောက်တွင် အရှိန်လွန်တိမ်းမှောက်ကြောင်း ၎င်းတို့က ပြောသည်။
ယာဉ်ပေါ်လိုက်ပါလာသည့် အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ် ငါးဦးအပါအဝင် အမျိုးသား၊ အမျိုးသမီး ၂၀ ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတို့က ဆိုသည်။
ထိခိုက်ဒဏ်ရာရရှိသူများအနက် နှစ်ဦးသည် စိုးရိမ်ရသည့်အခြေအနေရှိကြောင်း ၎င်းတို့က ပြောဆိုသည်။
“ကားက အရှိန်များတော့ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင် ဝင်တိုက်ပြီး မှောက်သွားတာပါ။ ပါလာသူ ၂၀ ဦးလောက်က ဒဏ်ရာရကြတယ်။ ဒဏ်ရာများတဲ့လူလည်း ရှိတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းက ဆိုသည်။
သထုံမြို့နယ်အတွင်းရှိ ခရိုင်ချင်းဆက်လမ်းသည် မိုးတွင်းကာလ လမ်းရေကျော်ခြင်း၊ ရေတိုက်စားခြင်းများကြောင့် လမ်းပျက်စီးမှုများရှိနေကြောင်းဒေသခံများထံမှ သိရသည်။
နိုဝင်ဘာလ ၁၅ ရက်ကလည်း မုဒုံမြို့နယ်၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်း ခပ်ရခပ်ယူထိုင်တော်မူ ဘုရားအနီးတွင် လူငယ် သုံးဦးစီလာသည့်ဆိုင်ကယ်နှင့် ခြောက်ဘီးယာဉ်တို့ တိုက်မိပြီး ဆိုင်ကယ်စီးလာသည့် လူငယ်သုံးဦးစလုံး သေဆုံးခဲ့သည်။