ထားဝယ်မြို့ပေါ် တွင် ယနေ့ နိုဝင်ဘာလ ၁၈ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား ပစ်ခတ်မှုဖြစ်ပွားကြောင်း မြို့ခံများက ပြောသည်။
ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ဆင်ဆိပ်ရပ်ကွက်နှင့် အိမ်ရှေ့ပြင်ရပ်ကွက်ကြားရှိ လမ်းပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကားကို တော်လှန်ရေးတပ်ဖွဲ့ များက ကြားဖြတ်တိုက်ခိုက်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။
“ဖြစ်တာက လေယာဉ်ကွင်းထိပ်၊ အရင်က အရက်ချက်စက်ရုံဟောင်းနားမှာဖြစ်တယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်နှင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း မြို့ခံများ၏ ပြောကြားချက်အရသိရသည်။
ထိုပစ်မှုခတ်မှုတွင် နှစ်ဖက်ထိခိုက်မှု ရှိမရှိ၊ မြို့ခံများထိခိုက်မှု ရှိမရှိ အခြေအနေတို့ကို အသေးစိတ်မသိရသေးပေ။
ပစ်ခတ်မှုဖြစ်ပြီးနောက် ထားဝယ်မြို့ ဝင်ထွက်ဂိတ်ဖြစ်သည့် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း မြို့ခံများ၏ပြောကြားချက်အရသိရသည်။