BREAKING
December 28, 2024

လောင်းလုံးတွင် သန်းခေါင်စာရင်းကောက်အဖွဲ့တွင်ပါသဖြင့် ဖမ်းဆီးခံရသည့် ဝန်ထမ်းများပြန်လွတ်

November 18, 2024

ပုံစာ - သန်းခေါင်စာရင်းကောက်ယူနေစဉ် (ပုံဟောင်း)

လောင်းလုံးမြို့နယ်၌ သန်းခေါင်စာရင်းကောက်သည့်အဖွဲ့တွင် ပါဝင်သဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးထားသည့် ဝန်ထမ်းကိုးဦး ပြန်လွတ်လာပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၁၇ ညနေပိုင်းတွင် အဆိုပါဝန်ထမ်းကိုးဦး နေအိမ်သို့ အသီးသီးပြန်ရောက်လာကြပြီဖြစ်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူတို့ထံမှ သိရသည်။

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်အဖွဲ့တွင် ပါဝင်နေသည်ဟုဆိုကာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒေသတွင်းရှိ ကျောင်းဆရာမများအပါအဝင် ဝန်ထမ်း ကိုးဦးကို အောက်တိုဘာလ ၇ ရက်က ဖမ်းဆီးထားခြင်းဖြစ်သည်။

ဖမ်းဆီးပြီးနောက် အဆိုပါဝန်ထမ်းများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးသွားစဉ်က စစ်ဆေးမေးမြန်းရန်ရှိသဖြင့် ခေတ္တလိုက်ခဲ့ရန် ခေါ်ဆောင်သွားခြင်းဖြစ်သော်လည်း ၎င်းဝန်ထမ်းများကို ၄၂ ရက်ကြာ ဖမ်းဆီးထားပြီးမှ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

“နောက်တစ်ခါဆိုရင် စစ်‌တပ်နဲ့ပေါင်းပြီး မလုပ်ဖို့၊ ရှင်းရှင်းပြောရရင်တော့ CDM လုပ်မယ်ဆိုပြီး ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တာ” ဟု အဖမ်းခံရသည့် ဝန်ထမ်းတစ်ဦး၏ မိသားစုဝင်တစ်ဦက ပြောဆိုသည်။

လူကို လွှတ်ပေးလိုက်သော်လည်း ဖုန်း၊ လက်တော့ပ်နှင့် ငွေကြေးအချို့ကိုမူ ပြန်မပေးတော့ကြောင်း ဖမ်းဆီးခံရသူ မိသားစုဝင်နှင့် နီးစပ်သူတို့က ပြောဆိုသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အဆိုပါဝန်ထမ်းများအား သွားရောက်ဖမ်းဆီးစဉ်က ရွှေ၊ ငွေကြေးနှင့် အရေးကြီးစာရွက်စာတမ်းများကို သိမ်းဆည်းပြီး စာရင်းနှင့်တကွပြုစုထားကာ ပြန်လွှတ်သည့်အချိန်တွင် စာရင်းအတိုင်း ပြန်ပေးမည်ဖြစ်ကြောင်း ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောဆိုထားသည်။

ဖမ်းဆီးခံထားရစဉ်အတွင်း ကျန်းမာရေးချို့တဲ့သူအချို့ အပြည့်အဝဆေးဝါးကုသခွင့်မရခဲ့သည့်အပြင် မိသားစုထံလည်း ဖုန်းဖြင့် ဆက်သွယ်ခွင့်မပြုခဲ့ကြောင်း မိသားစုဝင်နှင့် နီးစပ်သူတို့ထံမှ သိရသည်။

အထက်ပါပြောဆိုချက်များနှင့်ပတ်သတ်ပြီး မေးမြန်းနိုင်ရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတို့ထံ Dawei Watch က ‌နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီခန့်က ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားကြသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။

ဖမ်းဆီးခဲ့သော ဝန်ထမ်း ကိုးဦးအနက် ခြောက်ဦးမှာ သင်တန်းတက်ရာတွင်သာပါဝင်ပြီး မြေပြင်တွင်မူ သန်းခေါင်စာရင်းကောက်ရာ၌ ပါဝင်သေးခြင်းမရှိကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးသူတို့ထံမှ သိရသည်။

စစ်ကောင်စီက သင်တန်းခေါ်ရာတွင်လည်း သန်းခေါင်စာရင်းကောက်ရန် သင်တန်းပေးသည်ဟု ကြိုတင်မသိသည့်အတွက် သင်တန်းတက်မိခြင်းသာဖြစ်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

Dawei Watch အနေဖြင့် အဆိုပါဝန်ထမ်းများနှင့် တိုက်ရိုက်စကားပြောခွင့်ရရန် ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဖမ်းခံရစဉ်အတွင်း ၎င်းတို့ကြုံတွေ့ခဲ့ရသည်များကို ပြန်လည်ပြောဆိုရန် ငြင်းဆိုခဲ့ကြသည်။