BREAKING
October 18, 2024

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

October 18, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ

သီရိလင်္ကာတွင် အွန်လိုင်းရာဇဝတ်မှုနှင့် ပက်သက်၍ တရုတ် ၂၃၀ ကျော် ဖမ်းဆီးခံရ

သီရိလင်္ကာနိုင်ငံမှာ အွန်လိုင်း ရာဇဝတ်မှုတွေနဲ့ ပက်သက်လို့ တရုတ်နိုင်ငံသား ၂၃၀ ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ထဲကနေ နေရာ လေးနေရာကို ဝင်ရောက် စီးနင်းရှာဖွေပြီး ဖမ်းဆီးခဲ့တာပါ။

တစ်နေရာတည်းမှာတင် ၁၂၉ ဦး ဖမ်းဆီးခံရတာပါ။

နောက်ထပ် နေရာမှာ တွေ့ရှိခဲ့တဲ့ မိုဘိုင်းဖုန်း ၅၀၀ လုံးနဲ့ ကွန်ပြူတာ ၂၅၀ ကျော်ကိုလည်း သိမ်းဆည်းခဲ့ပါသေးတယ်။

သူတို့တွေက အွန်လိုင်းကနေ လိမ်လည်တဲ့လုပ်ငန်းတွေ လုပ်နေတယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပြီး ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ပါတယ်။

Ref: CNA

………………………………..

အမေရိကန်တွင် Milton မုန်တိုင်းကြောင့် အနည်းဆုံး လူ ၂၄ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က Mitton ဟာရီကိန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးခဲ့ပြီး လူအများစုက လေဆင်နှာမောင်းကြောင့် ဖြစ်တယ်လို့ ဆိုတာပါ။

ဟာရီကိန်းမုန်တိုင်းဒဏ်ခံလိုက်ရတဲ့နေရာတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အောက်တိုဘာ ၁၃ ရက်နေ့က ရောက်ရှိလာခဲ့ပါတယ်။

မုန်တိုင်းနှစ်ခု ရှေ့ဆင့်နောက်ဆင့် ခံလိုက်ရတဲ့ဒေသတွေအတွက် အစိုးရက ဒေါ်လာ ၆၁၂ သန်းပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

မုန်တိုင်းကြောင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ‌လောက် ပျက်စီးသွားတယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref: CNN

………………………………..

နိုဘယ်လ်စီးပွားရေးဆုကို အမေရိကန်စီးပွားရေးလုပ်ငန်းရှင်သုံးဦး ပူးတွဲရရှိ

၂၀၂၄ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို အမေရိကန် စီးပွားရေးပညာရှင် သုံးဦးကို ပူးတွဲချီးမြင့်တယ်လို့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်က ပါမောက္ခတွေဖြစ်တဲ့ Daron Acemoglu နဲ့ Simon Johnson၊ ချီကာဂို တက္ကသိုလ်က ပါမောက္ခ James Robinson တို့ ဒီနှစ်အတွက် စီးပွားရေးပညာရပ်ဆိုင်ရာ နိုဘယ်ဆုရှင်တွေအဖြစ် ရွေးချယ်ခံရတာပါ။

ချမ်းသာမှုနဲ့ သာယာ၀ပြောမှုတွေရဲ့ ကွာခြားချက်ကို နားလည်နိုင်ဖို့ သူတို့ သုံးဦးက စာတမ်းပြုစုရေးသားခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ သာယာ၀ပြောရေးအတွက် လူမှုအဖွဲ့အစည်းတွေရဲ့ အရေးပါမှုကို သူတို့က ဖော်ထုတ်ခဲ့တာပါ။

တရားဥပဒေစိုးမိုးမှု နည်းပါးပြီး အများပြည်သူအပေါ် အမြတ်ထုတ်တဲ့ အဖွဲ့အစည်းတွေရှိနေတဲ့အတွက် နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကို ဆုတ်ယုတ်စေတယ်လို့လည်း တင်ပြခဲ့တာဖြစ်ပါတယ်။

Ref: CNN

………………………………..

ကနေဒါဆိုင်ရာသံအမတ်ကို အိန္ဒိယ ပြန်ခေါ်

ဆစ်ခ်အမျိုးသားရေး တက်ကြွလှုပ်ရှားသူတစ်ဦး လုပ်ကြံခံရမှုနဲ့ ပက်သက်လို့ အိန္ဒိယသံအမတ်ကြီးက ပက်သက်နိုင်တယ်လို့ ကနေဒါက ပြောလိုက်တဲ့အတွက် အိန္ဒိယအစိုးရက သူ့ရဲ့ သံအမတ်ကြီးနဲ့ အခြားဝန်ထမ်းသံတမန်တွေကို ပြန်ခေါ်လိုက်ပါတယ်။

အိန္ဒိယသံအမတ်ကြီးနဲ့ တခြားသံတမန်တွေကို သေချာမရေရာဘဲ ပစ်မှတ်ထားတာဟာ လုံးဝ လက်ခံနိုင် စရာမရှိဘူးလို့ အိန္ဒိယဘက်က တုံ့ပြန်ခဲ့တာပါ။

ဒီအကြောင်းအရာကို နယူးဒေလီမှာရှိတဲ့ ကနေဒါသံရုံးတာဝန်ရှိသူကို အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သံအမတ်ကြီးရဲ့ လုံခြုံရေးအတွက် ကနေဒါ အစိုးရက ကတိပေးနိုင်မယ်လို့ မယုံကြည်ဘူးလို့လည်း ဆိုပါတယ်။

ဆစ်ခ်တက်ကြွလှုပ်ရှားသူ Hardeep Singh Nijjar ကို ကနေဒါနိုင်ငံမှာ လုပ်ကြံခဲ့ရာမှာ အိန္ဒိယအစိုးရ ပတ်သက်ဖွယ်ရှိတယ်လို့ ကနေဒါဘက်က စွပ်စွဲထားပါတယ်။

Ref: CNN

………………………………..

ယီမင်က ဟူသီသူပုန်များ၏ မြေအောက်လက်နက်တိုက်ကို အမေရိကန် တိုက်ခိုက်

ယီမင်နိုင်ငံမှာရှိနေတဲ့ ဟူသီစစ်သွေးကြွတွေရဲ့ မြေအောက် လက်နက်သိုလောင်ရုံတွေကို အမေရိကန်တပ်ဖွဲ့တွေက အောက်တိုဘာလ ၁၆ ရက်နေ့က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

ရေကြောင်းကုန်သွယ်ရေးမှာ အဓိကကျတဲ့ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ထဲမှာ သွားလာနေတဲ့ သင်္ဘောတွေကို ဟူသီသူပုန်တွေက တစ်နှစ်လုံး နှောက်ယှက် ပစ်ခတ်နေခဲ့တာပါ။

အီရန်နိုင်ငံက ကျောထောက်နောက်ခံ ပေးထားတဲ့ ဟူသီသူပုန်တွေက ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ထဲ သွားလာနေကြတဲ့ ကုန်တင်သင်္ဘောတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတယ်လို့ အမေရိကန်ဘက်က ထုတ်ပြန်ပါတယ်။

စီးပွားရေးလုပ်ငန်းကြီးတွေကတော့ သင်္ဘောတွေကို ဒီလမ်းကြောင်းကနေ ရှောင်ပြီး ကုန်ကျစရိတ် ပိုများပြီး ခရီး ပိုရှည်တဲ့ အာဖရိကတိုက်ဘက်ကနေ လမ်းကြောင်းပြောင်း သွာလာနေကြတယ်လို့ သိရပါတယ်။

Ref: BBC

………………………………..

One Direction အဖွဲ့ဝင် Liam Payne ဟိုတယ်ပေါ်က ပြုတ်ကျသေဆုံး

ကမ္ဘာကျော် One Direction ပေါ့ပ်ဂီတအဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း Liam Payne က အာဂျင်တီးနားနိုင်ငံမှာ ဟိုတယ်ပေါ်က ပြုတ်ကျသေဆုံးခဲ့ပါတယ်။

မြို့ရဲ့ လုံခြံရေးအဖွဲ့ကတော့ ဧည့်သည်တယောက်က ဟိုတယ်တစ်ခန်းလုံးကို ဖျက်ဆီးနေလို့ ရဲလွှတ်‌ပေးဖို့ ဝန်ထမ်းတယောက်က အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။

ဟိုတယ်ခန်းမှာ လေသာဆောင်ရှိတာကြောင့် ဧည့်သည်ရဲ့ အသက်ကို စိုးရိမ်ရလို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။

ရဲတပ်ဖွဲ့တွေ ရောက်ရှိသွားချိန်မှာတော့ ဟိုတယ်ရဲ့ ၃ ထပ် လေသာဆောင်ကနေ ပြုတ်ကျပြီး သေဆုံးသွားခဲ့ပါပြီ။

Liam ကွယ်လွန်သွားတာကြောင့် ဂီတလောကက မိတ်ဆွေတွေနဲ့ သူ့ရဲ့ ပရိသတ်တွေကလည်း ဝမ်းနည်းကြောင်းတွေ ပြောကြားခဲ့ကြပြီး ပရိသတ်တစ်ချို့ကလည်း သူ့ကွယ်လွန်ခဲ့တဲ့ ဟိုတယ်အပြင်ဘက်မှာ စုဝေးခဲ့ကြပါတယ်။

Ref: AP

………………………………..

ဟားမတ်စ်ခေါင်းဆောင် အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံး

ဟာမတ်စ်ခေါင်းဆောင် Yahya Sinwar က တိုက်ခိုက်မှုမှာ သေဆုံးခဲ့ပြီဖြစ်တယ်လို့ အောက်တိုဘာ ၁၇ ရက်နေ့က အစ္စရေးက ကြေညာခဲ့ပါတယ်။

ဂါဇာတောင်ပိုင်းက အဆောက်အဦးတစ်ခုကို ပစ်ခတ်ရာကနေ သူနဲ့အတူ နောက်ထပ်စစ်သွေးကြွ ၂ ဦး သေဆုံးခဲ့တာပါ။

Yahya Sinwar ရဲ့ DNA မှတ်တမ်းတွေအပါအဝင် စုံစမ်းစစ်ဆေးမှုတွေကို နာရီအတော်ကြာလုပ်ခဲ့ပြီးမှ အတည်ပြုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

သူက လူအစုလိုက် သေဆုံးခဲ့ရတဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ တာဝန်ရှိသူဖြစ်တယ်လို့ အစ္စရေးဘက်က ဆိုပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က Sinwar သေဆုံးမှုက ဂါဇာမှာ ဟာမတ်စ်တွေရဲ့ အုပ်ချုပ်မှု အဆုံးသတ်ရေးအတွက် အရေးပါတယ်လို့ ဆိုထားပါတယ်။

Ref: BBC

………………………………..

ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဘင်္ဂလားဒေ့ရှ်တရားရုံးက ဖမ်းဝရမ်းထုတ်

ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနဲ့ ဝန်ကြီးတွေ အပါအဝင် ၄၅ ဦးကို ဘင်္ဂလားဒေ့ရှ် အထူးတရားရုံးက အောက်တိုဘာ ၁၇ ရက်နေ့မှာ ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

ကျောင်းသားတွေဦးဆောင်တဲ့ လူထုဆန္ဒပြမှုတွေမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ နဲ့ပက်သက်ပြီး စွဲချက်တင်ခဲ့တာပါ။

လူထုဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွဲပြီး လူပေါင်း ရာနဲ့ချီသေဆုံးခဲ့ပြီးနောက် သြဂုတ်လ ၅ ရက်နေ့မှာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ပါတယ်။

ဒီအတွက် ဝန်ကြီးချုပ်ဟောင်းနဲ့ သူ့အနီးကပ်လက်ထောက်တွေအပါအဝင် လုံခြုံရေးအဖွဲ့တွေဟာ ဆန္ဒပြသူတွေနဲ့ တခြားသူတွေကိုသတ်ဖြတ်မှုမှာ တာဝန်ရှိနေတယ်လို့ အစိုးရ ရှေ့နေတွေက ပြောကြားထားပါတယ်။

Ref: BBC

………………………………..

အာဖဂန်နစ္စတန်တွင် သက်ရှိပုံများကို မီဒီယာတွင် ဖော်ပြခွင့် ပိတ်ပင်

အာဖဂန်နစ္စတန်နိုင်ငံရဲ့ သတင်းမီဒီယာတွေအနေနဲ့ သက်ရှိပုံတွေ မပြသဖို့ တာလီဘန်အစိုးရက ပိတ်ပင်လိုက်ပါတယ်။

အာဖဂန်နစ်စတန်က Takhar ၊ Kandahar နဲ့ Maidan Wardak ပြည်နယ်တွေမှာရှိတဲ့ အစိုးရသတင်းဌာနတွေကို အသက်ရှိတွေရဲ့ ပုံတွေမဖော်ပြဖို့ ညွှန်ကြားထားတာပါ။

ဒီကျင့်ဝတ်ဥပဒေအသစ်ကို နိုင်ငံတဝန်းက နိုင်ငံသားအားလုံး ကျင့်သုံးအကောင်အထည်ဖော်ရမယ်လို့ တာလီဘန်အစိုးရက ဆိုပါတယ်။

သက်ရှိတွေရဲ့ ရုပ်ပုံတွေကို ရိုက်ကူးတာဟာ အစ္စလာမ်မစ်ဥပဒေကို ချိုးဖောက်ရာကျတယ်လို့ ဆိုပြီး ဒါကို အများသိအောင် လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: AP

………………………………..

အမေရိကန်တွင် အသက် ၁၁ နှစ်အရွယ် ကလေးဆွဲထားသော ကစားကွင်းပန်းချီကို အစစ်ဖန်တီးပေး

အမေရိကန်ပြည်ထောင်စုမှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ် ဆွဲထားတဲ့ပုံထဲမှ ကစားကွင်းကို မြို့အာဏာပိုင်တွေက အစစ်အနေနဲ့ အကောင်အထည်ဖော်ပေးခဲ့ပါတယ်။

ရိုဆီလီဟာ သော်နော့ခ်ပန်းခြံထဲမှာ ကလေးကစားကွင်း တည်ဆောက်နေတာကို တွေ့ပြီး ကစားကွင်းထဲမှာ တပ်ဆင်ထားတဲ့ ပစ္စည်းတွေက သူတို့အရွယ် ကလေးငယ်တွေ ဆော့ဖို့ အဆင်မပြေဘူးလို့ တွေးမိခဲ့တယ်လို့ ဆိုပါတယ်။

နောက်တော့ သူ့စိတ်ကူးထဲက ကစားကွင်းကို အသေးစိတ် ပုံဆွဲခဲ့ပါတယ်။

သူ့အမေက ရိုဆီလီရဲ့ပုံကို မြို့တော်ကောင်စီထံ ပေးပို့ခဲ့တာပါ။

ဒါရိုက်တာကလည်း ဒီပုံတွေကို သဘောကျတာကြောင့် ပုံကြမ်းတစ်ခုချင်းစီကို အသေအချာ အချိန်ယူလေ့လာခဲ့တယ်လို့ ဆိုပါတယ်။

သော်နော့ခ်ပန်းခြံက ကစားကွင်းတည်ဆောက်မှု ပြီးလုနီးနီး ဖြစ်နေတာမို့ ရိုဆီလီရဲ့ စိတ်ကူးကို ပုံဖော်ပေးဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် နောက်ထပ်ကစားကွင်းတစ်ခု တည်ဆောက်ဖို့ မြို့တော်ကောင်စီက စီစဉ်ခဲ့ပါတယ်။

ကစားကွင်း တည်ဆောက်မှုအဆင့်တိုင်းကို ရိုဆီလီကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်ရခဲ့ပြီး ပြီးခဲ့တဲ့လက ဘိုင်ဆန်တန်နီယယ်ပန်းခြံထဲမှ ကစားကွင်းကို တရားဝင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

Ref: BBC

………………………………..