BREAKING
October 18, 2024

ထိုင်းသို့ အလုံပိတ်ကားဖြင့် တရားမဝင်လာသော ရိုဟင်ဂျာ သုံးဦးသေဆုံးပြီး ခုနစ်ဦးသတိလစ်

October 18, 2024

ထိုင်းနိုင်ငံအတွင်းသို့ အလုံပိတ်ကားများဖြင့် တရားမဝင် ဝင်ရောက်လာသော ရိုဟင်ဂျာများအနက် သုံးဦးသည် အသက်ရှူကျပ်၍ သေဆုံးပြီး ခုနစ်ဦး သတိမေ့မြောကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ရိုဟင်ဂျာ ၂၆ ဦးသည် အောက်တိုဘာလ ၁၄ ရက်နေ့က အလုံပိတ်ကားနှစ်စီးဖြင့် တာခ့်ခရိုင် မဲဆောက်နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာကြကြောင်း ဖော်ပြသည်။

၎င်းတို့သည် မလေးရှားနိုင်ငံသို့သွားရန် ထိုင်းတောင်ပိုင်း စွန်ခရာခရိုင်သို့ ခရီးဆက်လာစဉ် အောက်တိုဘာလ ၁၇ ရက်နေ့က ချွန်ဖော်ခရိုင် လန်စွန်းဒေသသို့အရောက်တွင် အသက်ရှူကျပ်လာခြင်းဖြစ်ကြောင်း ရိုဟင်ဂျာတစ်ဦး ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်ကို သတင်းများတွင် ရေးသားသည်။

အသက်ရှူကျပ်လာပြီးနောက် ကားကို ထုရိုက်အချက်ပြခဲ့ကြရာ ကားမောင်းသမားကို အနောက်တံခါးကို လာဖွင့်ပေးခဲ့ကြောင်း ဆိုသည်။

အထဲတွင် ရိုဟင်ဂျာ ၁၀ ဦး အသက်ရှူကျပ်၍ သတိမေ့မြောနေခဲ့ရာ ကားသမားများက ဘုန်းကြီးကျောင်းအနောက်ဘက် တောထဲတစ်နေရာတွင် စွန့်ပစ်ခဲ့ပြီး ကျန် ၁၆ဦးကို ပြန်ခေါ်ယူကာ ထွက်သွားခဲ့ကြောင်း ဖော်ပြသည်။

တောထဲစွန့်ပစ်ခံရပြီး သတိလစ်မေ့မြောနေသူများကို ဘုန်းကြီးများက တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များ လာရောက်ခဲ့ကြကြောင်း ရေးသားထားသည်။

ကယ်ဆယ်ရေးအဖွဲ့ရောက်ရှိချိန်တွင် နှစ်ဦးသေဆုံးနေပြီဖြစ်ပြီး ခုနစ်ဦး သတိမေ့မြောနေကာ ကျန်တစ်ဦးမှာ သတိရှိနေခဲ့ကြောင်း ဆိုသည်။

၎င်းတို့အားလုံးကို လန်စွန်းဒေသရှိ ဆေးရုံများသို့ အရေးပေါ်ပို့ဆောင်ခဲ့ပြီး ကုသမှုပေးနေစဉ် ဆေးရုံတွင် တစ်ဦး ထပ်မံ သေဆုံးခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း သုံးဦး ရှိခဲ့ကြောင်း ဖော်ပြသည်။

သေဆုံးသူများသည် အသက် ၂၅ နှစ်နှင့် ၃၀ ကြား လူငယ်များဖြစ်ကြသည်။

လမ်းဘေးတွင် စွန့်ပစ်ခံရသည့်ဖြစ်စဉ်ကို သတိရှိနေသူတစ်ဦးက ဘာသာပြန်မှတစ်ဆင့် ပြောကြားခဲ့ပြီး ၎င်းတို့သည် ရခိုင်ပြည်နယ်က လာရောက်ကြသော ရိုဟင်ဂျာများဖြစ်ကြောင်း ဆိုသည်။

ယင်းနောက် ကားနှစ်စီးကို CCTV မှတ်တမ်းများမှတစ်ဆင့် ရဲတပ်ဖွဲ့က လိုက်လံစစ်ဆေးရှာဖွေခဲ့ရာ ဘန်ကောက်သို့ ထွက်ပြေးသွားကြကြောင်း တွေ့ရှိရပြီး ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဖက်ချ်ဘူရီခရိုင်၌ ကားနှစ်စီးနှင့်အတူ ကားသမားနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဆိုသည်။

ကားပေါ်တွင် လိုက်ပါခဲ့သည့် ကျန်ကားသမားတစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်နေသဖြင့် ရှာဖွေနေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဖမ်းမိထားသည့် ကားသမားနှစ်ဦးကို လူကုန်ကူးမှုဖြင့် အမှုဖွင့်ထားပြီး အမှုနှင့်သက်ဆိုင်သူ များကိုလည်း ဆက်လက်ရှာဖွေဖမ်းဆီးမည်ဖြစ်ကြောင်း ဆိုသည်။

ကားဖြင့် ဆက်လက်ခေါ်ဆောင်သွားသူ ၁၆ ဦး၏ အခြေအနေကိုမူ သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။

Ref: Matichon Online, Khaosod English, Thai PBS, komchadluek, လန်စွန်းကယ်ဆယ်ရေးအဖွဲ့