BREAKING
October 18, 2024

လောင်းလုံးတွင် ထိတွေ့ပစ်ခတ်မှုများအတွင်း အရပ်သားသုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

October 18, 2024

လောင်းလုံးမြို့နယ်အတွင်း ဖြစ်ပွားနေသည့် ထိတွေ့ပစ်ခတ်မှုများအတွင်း အရပ်သားသုံးဦး သေဆုံးပြီး ဒဏ်ရာရသူ လေးဦးရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။

လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ညင်းမော်၊ ဂေါ့အင်း၊ အောက်ရေဖြူ စသည့် ကျေးရွာတို့တွင် အောက်တိုဘာလ ၁၃ ရက်ကစပြီး ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိသည်။

အောက်တိုဘာလ ၁၆ရက်တွင် စစ်ကောင်စီစစ်ကြောင်းသည် အောက်ရေဖြူကျေးရွာသို့ ရောက်ရှိလာပြီး ပြည်သူ့ ကာကွယ်ရေးအဖွဲ့တို့နှင့် မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဆုတ်ခွာသွားကြောင်း ဒေသခံများက ဆိုသည်။

ယင်းအချိန် စစ်ကောင်စီစစ်ကြောင်းသည် အောက်ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ရွာထဲအထိ ရောက်ရှိလာခဲ့ပြီး ကိုကမ်းကမ်းအား ပစ်သတ်ခဲ့ကြောင်း ဒေသခံများ ပြောဆိုသည်။

“ကျည်ဆံက အနောက်ကနေ ဖောက်ဝင်ပြီး မှောက်လျက်သေနေတာ” ဟု ကိုကမ်းကမ်း၏ ရုပ်အလောင်းအား ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

ကိုကမ်းကမ်းမှာ ‌အောက်ရေဖြူဘုရားတောင်ခြေရင်းတွင် စစ်ကောင်စီစစ်ကြောင်းနှင့်တိုးပြီး ပစ်ခတ်ခံရကာ သေဆုံးသွားခြင်းဖြစ်သည်။

ကိုကမ်းကမ်း ပစ်ခတ်ခံရသည့်နေရာနှင့် ဓာတ်မီးတိုင် သုံးတိုင်ခန့်အကွာတွင်မူ အသက် ၇၀ ကျော်အရွယ် ဒေါ်မငယ် ကျည်ဆံထိမှန်ခဲ့သည်။

ဒေါ်မငယ်မှာ ကျန်းမာရေးမကောင်းသဖြင့် အိမ်ပေါ်တွင်ရှိနေစဉ် စစ်ကောင်စီတပ်က ပစ်ခတ်သည့် ကျည်ဆံ ထိမှန်သွားခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ကျည်ဆံထိမှန်ပြီး နောက်တစ်ရက် အောက်တိုဘာလ ၁၇ ရက် နေ့လယ်ပိုင်းတွင်မူ ယင်းဒဏ်ရာကြောင့် ဒေါ်မငယ် သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

“ဒေါ်မငယ်အိမ်အဝင်လမ်းမှာ ကျည်ဆံအခွံတွေ အများကြီးပဲတွေ့ရတယ်။ သူ့ကိုတော့ ရှိတဲ့လူတွေနဲ့ပဲ မီးသင်္ဂြိုဟ်ပေးလိုက်ပြီ” ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောဆိုသည်။

အသက် ၅၀ ကျော်အရွယ် နှလုံးရောဂါအခံရှိသူ ဒေါ်သက်သက်မှာလည်း သေနတ်ပစ်သံများကြားရပြီး နှလုံးဖောက်ကာ သေဆုံးသွားကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။

ဒေါ်သက်သက်မှာ အောက်ရေဖြူဈေးအနီးတွင် နေထိုင်သူဖြစ်ပြီး အိမ်အနီး လမ်းမပေါ်တွင် လဲကျသေဆုံးနေခြင်းဖြစ်ကာ ၎င်းကိုလည်း မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ဒဏ်ရာရသူလေးဦးမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူများဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ရာနှင့်ချီသော ဒေသခံများကို ဖမ်းဆီးထားခဲ့ပြီး ယင်းတို့အထဲမှ ဒေသခံလေးဦးကို ကားပေါ်သို့ ပစ္စည်းတင်ရန် စေခိုင်းခဲ့ကြောင်း ဆိုသည်။

ကားပေါ်သို့ ကုန်ပစ္စည်းတင်နေချိန် ဒရုန်းဖြင့်ချသည့် ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း‌ ဒေသခံတို့က ပြောဆိုသည်။

“ဒဏ်ရာရတဲ့သူတွေကို ထားဝယ်ဆေးရုံပို့လိုက်တယ်တဲ့။ ဆေးရုံကနေပြီး အိမ်က သူတို့မိသားစုတွေကို လိုတဲ့ပစ္စည်းတွေမှာ လိုက်မှ ဒဏ်ရာရပြီး ဆေး‌ရုံရောက်နေမှန်းသိကြတာ” ဟု ဒဏ်ရာရသူ၏ မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းနှင့် တိုးသည့် လမ်းသွား၊ လမ်းလာများ၊ နေအိမ်တွင် ရှိနေသူများကို စစ်ကောင်စီတပ်က ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရည်။ ထိုသို့ ဖမ်းဆီးခံရသူ ရာနှင့်ချီရှိနေပြီး စစ်ဆေးမေးမြန်းကာ ပြန်လွှတ်လိုက်သူတို့လည်းအများအပြားရှိကြောင်း ဒေသခံတို့က ဆိုသည်။

ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုနှင့် နေအိမ်တစ်ဆောင်ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

လတ်တလောတွင် စစ်ကောင်စီစစ်ကြောင်းသည် အောက်ရေဖြူ၊ ဂေါ့အင်း၊ ညင်းမော်ကျေးရွာတို့ရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများကို အကာအကွယ်ယူပြီး စခန်းချနေကြဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါကျေးရွာများမှ စစ်ဘေးရှောင်နေရသည့် ဒေသခံများမှာ လျှပ်စစ်မီးပြတ်တောက်နေခြင်း၊ ဓာတ်ဆီ၊ ဒီဇယ်တို့ ဝယ်ယူမရတော့ခြင်းတို့ကြောင့် ဖုန်းဆက်သွယ်ရေး၊ သွားရေးလာရေး ခက်ခဲနေကြကြောင်း ဒေသခံတို့က ပြောဆိုသည်။

နေအိမ်အမြောက်အများကိုလည်း စစ်ကောင်စီတပ်စစ်ကြောင်းက ရိုက်ဖျက်မွှေနှောက်ရှာဖွေယူဆောင်မှုများ ပြုလုပ်ခဲ့သည့်အပြင် လက်ရှိလည်း ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ၎င်းတို့က ပြောသည်။