BREAKING
October 18, 2024

ထိုင်းတွင် ရှောပင်းစင်တာထဲသို့ သေနတ်ဖြင့် ပစ်ခတ်မည်ဟုဆို၍ လုံခြုံရေးတိုးမြှင့်

October 18, 2024

ထိုင်းနိုင်ငံ ခွန်ကယ်ဒေသရှိ Central Plaza ရှောပင်းစင်တာထဲသို့ သေနတ်ဖြင့် ပစ်ခတ်မည်ဟုဆို၍ လုံခြုံရေးတိုးမြှင့်ထားပြီး ခြိမ်းခြောက်သူကို အမြန်ရှာဖွေနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၁၇ ရက်နေ့က ခွန်ကယ် Facebook Group ထဲသို့ ပိုစ့်တင်ပြီး ရှောပင်းစင်တာထဲသို့ သေနတ်ဖြင့် အချက်ရေ ၅၀ ခန့် ဝင်ရောက်ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

ခြိမ်းခြောက်သူ၏ လူမှုကွန်ရက်အကောင့် ပရိုဖိုင်အမည် (Profile) သည် ရှမ်းဘာသာစကားဖြင့် ရေးသားထား၍ မြန်မာနိုင်ငံသားဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားသည်။

“နောက် ၃၀ မိနစ်အကြာမှာ စင်တာထဲ တွေ့ကြရအောင်။ လူ ၅၀ လောက်ကို ပစ်ဖို့လုပ်ထားတယ်။ အဲ့ထဲက ၂၀ လောက် သေနိုင်တယ်” ဟု အဓိပ္ပာယ်ရသည့် ခြိမ်းခြောက်စာကို ထိုင်းဘာသာဖြင့် ရေးသားထားသည်။

ပိုစ့်ကိုလည်း ကျည်ဆန်အပြည့်ဖြည့်ထားသော သေနတ်တစ်လက်နှင့်အတူ ပူးတွဲတင်ထားခဲ့သည်ကို တွေ့ရသည်။

ယင်းသေနတ်ကို ရရှိရန် ၆ လအထိ စောင့်ဆိုင်ခဲ့ရကြောင်းကိုလည်း ရေးသားထားခဲ့သည်။

ယင်းခြိမ်းခြောက်စာ တက်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံသားများအကြား ရှောပင်းစင်တာသို့ မသွားကြရန် သတိပေးမှုများ ရှိလာပြီး ရဲတပ်ဖွဲ့သို့ တိုင်ကြားမှု များလာခဲ့သည်။

ရဲတပ်ဖွဲ့ကလည်း သတင်းကြားကြားချင်း ရှောပင်းစင်တာသို့ သွားရောက်၍ လုံခြုံရေးအပြည့် ယူထားပေးခဲ့ပြီး ခရီးသွားများနှင့် ဈေးဆိုင်များကို အချိန်ပြည့် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း ခွန်ကယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

နောက်ဆက်တွဲအနေဖြင့် စင်တာထဲရှိ ဈေးဆိုင်အချို့ကလည်း လုံခြုံရေးကြောင့် ပုံမှန်အချိန်များထက် စောပိတ်ခဲ့ကြကြောင်း သတင်းတွင် ဖော်ပြထားသည်။

စစ်ဆေးမှုအရ အောက်တိုဘာလ ၁၇ ရက်နေ့တွင် သံသယရှိသူသည် ရှောပင်းစင်တာထဲသို့ လာရောက်ခဲ့ခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Facebook ပေါ်တွင် ပိုစ့်တင်ထားခဲ့သူသည် သံသယရှိသူ ဖြစ်မဖြစ် သေချာမသိရသေးဘဲ ၎င်း၏ အကောင့်စစ် ဟုတ်မဟုတ်ကိုလည်း အတည်မပြုနိုင်သေးကြောင်း ရဲတပ်ဖွဲ့က ယနေ့ အောက်တိုဘာ ၁၈ တွင် ပြောကြားထားသည်။

အခြားသူတစ်ဦးကလည်း Face account (အကောင့်တု) ကို ဖန်တီးပြီး ခြိမ်းခြောက်မှုပြုလုပ်နိုင်သဖြင့် ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း ဆိုသည်။

အလုပ်ရှင်က ဘတ် ၆၀၀၀ လိမ်သွားခဲ့သဖြင့် ပြန်တောင်းသော်လည်း မပေးခဲ့ရာ ရဲစခန်းထံ အကူအညီ တောင်းခံခဲ့သော်လည်း အကူအညီမရသဖြင့် ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း ပိုစ့်တင်ခဲ့သူ၏ ဖြေကြားခဲ့ချက်ကို Khaosod သတင်းတွင် ဖော်ပြထားသည်။

ရှောပင်းစင်တာဘက်ကလည်း ပိုစ့်တင်ခြိမ်းခြောက်သူသည် ထိုင်းနိုင်ငံသားမဟုတ်ကြောင်း၊ ပိုစ့်တင်ခဲ့သူကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး လုံခြုံရေးတိုးမြှင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

Ref: Khon Kaen Link, Khaosod, Daily News, Matichon Online