BREAKING
October 18, 2024

ပြည်ပြေးဝန်ကြီးချုပ်ဟောင်းကို ဘင်္ဂလားဒေ့ရှ်တရားရုံးက ဖမ်းဝရမ်းထုတ်

October 18, 2024

ပြည်ပြေးဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာနှင့် လူပုဂ္ဂိုလ် ၄၅ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး(ICT)၏ ရှေ့နေချုပ် Mohammad Tajul Islamက ယနေ့ ကြာသပတေးနေ့တွင် ပြောသည်။

ဖမ်းဝရမ်းအထုတ်ခံလိုက်ရသူများအနေဖြင့် ယခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တရားရုံး၌ ကြားနာစစ်ဆေးခံယူရမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြည်တွင်းသတင်းဌာန The Daily Star က ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာဆီနာသည် လွန်ခဲ့သည့် နှစ်လက ကျောင်းသားများဦးဆောင်သော လူထုအုံကြွမှုဖြင့် ဖြုတ်ချခံလိုက်ရပြီး အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားခဲ့သူ ဖြစ်သည်။

”ဇူလိုင်လကနေ ဩဂုတ်လအတွင်း ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ရှိတ်ဟာဆီနာက အဓိကတာဝန်ရှိသူ ဖြစ်တယ်”ဟု ရှေ့နေချုပ်က ပြောကြားသည်။

အဆိုပါ ကျောင်းသားဆန္ဒပြပွဲများတွင် ရှိတ်ဟာဆီနာအစိုးရ၏ ဖြိုခွင်းမှုကြောင့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ရသည်ဟု ကြားကာလ ဘင်္ဂလားဒေ့ရှ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

ရှိတ်ဟာဆီနာသည် ဆန္ဒပြသူများကို ဖြိုခွင်းရာမှာ အင်အားအလွန်အကျွံအသုံးပြုခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များကလည်း စွပ်စွဲခဲ့ကြပြီး အဆိုပါ စွပ်စွဲချက်များကို ဝန်ကြီးချုပ်ဟောင်းက ငြင်းဆန်ထားသည်။

နိုင်ငံအနှံ့တွင် ဆန္ဒပြပွဲများနှင့် မငြိမ်မသက်ဖြစ်လာ၍ ရက်သတ္တပတ်အတော်ကြာပြီးနောက် ယခုနှစ် ဩဂုတ်လအစောပိုင်းတွင် ရှိတ်ဟာဆီနာသည် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပြီး အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားခဲ့သည်။

၎င်းနေရာတွင် နိုဘယ်ဆုရ ဘောဂေဗဒပညာရှင် မိုဟာမက်ယူနွတ်ကအစားဝင်လာပြီး ဘင်္ဂလားဒေ့ရှ်၏ လက်ရှိကြားကာလအစိုးရအဖွဲ့ကို ဦးဆောင်လျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးသွားပြီးကတည်းက အသက် ၇၇ နှစ်ရှိ ပြည်ပြေးဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို လူမြင်ကွင်းတွင် တခါမှ မတွေ့ရသေးပေ။

ရှိတ်ဟာဆီနာရှိနေခဲ့ကြောင်း နောက်ဆုံးသိရသည့် တည်နေရာမှာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့အနီးမှ လေတပ်စခန်းတစ်ခုတွင်သာ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဘက်က ရှိတ်ဟာဆီနာ၏ သံတမန်နိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းထားပြီး ဖြစ်သည်။

သို့သော် အိန္ဒိယနိုင်ငံထဲတွင် ရှိတ်ဟာဆီနာ ဆက်လက်နေထိုင်လျက်ရှိသည့်အချက်က ဘင်္ဂလားဒေ့ရှ်ကြားကာလအစိုးရအဖို့ ဒေါသထွက်စရာ ဖြစ်နေသည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြားတွင် နှစ်နိုင်ငံအပြန်အလှန်တရားခံလွှဲပြောင်းပေးအပ်ရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးထားသည်။ သဘောတရားအရ ဆိုပါက အိန္ဒိယအနေဖြင့် ရှိတ်ဟာဆီနာကို ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့နိုင်ခွင့် ရှိနေသည်။

သို့သော် အဆိုပါ စာချုပ်တွင် နိုင်ငံရေးနှင့် စပ်ဆိုင်သည့် တရားခံတစ်ဦးအား မိခင်တိုင်းပြည်သို့ လွှဲပြောင်းပေးအပ်ရေးကို ငြင်းဆန်ခွင့်ပြုသည့် အပိုဒ်ငယ်တစ်ခု ပါရှိသည်။

ယင်းကြောင့် ရှိတ်ဟာဆီနာအနေဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ပြန်အပို့ခံရမည်လားဆိုသည့်အပေါ် ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Ref: Al Jazeera