BREAKING
October 18, 2024

ပုလောတိုက်ပွဲကြောင့် ကားပိတ်နေချိန် ယာဉ်မောင်းတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ

October 18, 2024

ပုလောမြို့နယ်၊ မီးလောင်ချောင်းနှင့် ကြဲချောင်းကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ခရီးသွားကားများပိတ်မိနေချိန် ယာဉ်မောင်းတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရကြောင်း ယာဉ်မောင်းများနှင့် နီးစပ်သူများထံမှ သိရသည်။

မြိတ်ဘက်မှလာသည့် ကားများပိတ်မိနေသည့် ကြဲရွာအနီးကားလမ်းဝန်းကျင်တွင် အောက်တိုဘာ ၁၇ရက်နေ့ ညနေက စဉ့်ကူးမြို့နေ အသက် ၂၆နှစ်အရွယ် ယာဉ်မောင်းတစ်ဦး မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

မီးလောင်ချောင်းရွာတွင် အောက်တိုဘာလ ၁၄ ရက်နေ့မှစကာ စစ်ကောင်စီတပ်သားရာချီ အင်အားတိုးချဲ့ပြီး စစ်ကြောင်းထိုးလာသဖြင့် ယင်းနေ့ညနေတွင်ပင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

ထိုသို့တိုက်ပွဲဖြစ်နေသည့်အတွက် အောက်တိုဘာလ ၁၅ရက်နေ့မှစကာ အောက်တိုဘာလ ၁၈ ရက်နေ့အထိ မီးလောင်ချောင်းရွာနှင့် ကြဲရွာကြားတွင် ကားများဖြတ်သန်း၍မရဘဲ ပိတ်မိနေသည်။

အထက်ပါ အမျိုးသားမှာ မိုင်းပေါက်ကွဲသည့် ဒဏ်ရာကြောင့် မြိတ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရကြောင်း ယာဉ်မောင်းများနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

“အဲဒီ ယာဉ်မောင်းက လမ်းနံဘေးက အိမ်သာသွားရင်းဖြစ်သွားတာပါ။ ယာဉ်မောင်းတွေပြောပုံအရ ဆိုရင် ညာခြေချင်းဝတ်၊ ဘယ်နားရွက်၊ ညာဘက်လက်ညိုးတွေမှာ ထိတယ်ပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါယာဉ်မောင်းမှာ ဒဏ်ရာပြင်းထန်သည့်အတွက် ဆေးရုံခွဲစိတ်ခန်းဝင်နေရသည်ဟု သိရပြီး အသေးစိတ်အခြေအနေကို မသိရသေးကြောင်း အထက်ပါယာဉ်မောင်းနှင့်နီးစပ်သူက ဆိုသည်။

မီးလောင်ချောင်းရွာနှင့် အနီးတစ်ဝိုက်တွက် ရက်ရှည်တိုက်ပွဲဖြစ်ပွားနေသဖြင့် မြိတ်ဘက်မှလာသည့် ကားပေါင်းရာချီပိတ်မိနေသလို ထားဝယ်ဘက်မှ လာသည့် ကားရာချီပိတ်မိနေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

မီးလောင်ချောင်းရွာနှင့် ကြဲရွာမှာ ထားဝယ်-မြိတ် ပြည်ထောင်စုကားလမ်းပေါ်တွင် တည်ရှိသည်။