သီတင်းကျွတ်လပြည့် (အောက်တိုဘာလ ၁၇ ရက်) ညက ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် နှင့် အရှေ့တောဒေသတို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများပြုလုပ်ခဲ့ကြသည်။
သရက်ချောင်းမြို့နယ် သပိတ်ကော်မတီက ဦးဆောင်ပြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဆိုင်ကယ်များဖြင့်ချီတက်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ထားဝယ်အရှေ့တောဒေသတွင်လည်း ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု အဖြစ် ” တော်လှန်ဆီမီး ၊ ဓမ္မကိုပူဇော်၊ အဓမ္မကို ငြင်းဆန်” ဟု ဆီမီးဖြင့် စာလုံးပုံဖော် ထွန်းညှိခြင်းနှင့် ” အတုအယောင် ရွေးကောက်ပွဲကို သပိတ်မှောက်ကြ ” စာသားများချိတ်ဆွဲထားသည့် မီးပုံးပျံများ လွှတ်တင်ခြင်း တို့ကိုပြုလုပ်ခဲ့ကြသည်။










