BREAKING
February 27, 2025

မြိတ်တွင် နေအိမ်ဖောက်ထွင်းမှု ဆက်တိုက်ဖြစ်

October 18, 2023

ပုံစာ - ပါရမီရပ်ကွက်ရှိ နေအိမ်တစ်ဆောင်ကို ဖောက်ထွင်းခိုးယူသူဟု သံသယရှိသူ။

မြိတ်မြို့တွင် ယခုလအတွင်း ညအချိန် နေအိမ်ဖောက်ထွင်းမှုဆက်တိုက်ဖြစ်ပေါ်နေကြောင်း မြို့ခံအချို့က ပြောသည်။

နေအိမ်တို့အား ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းများအပြင် ဆိုင်ကယ်တို့အား ခိုးယူခံနေရကြောင်း ၎င်းတို့က ဆိုသည်။

အောက်တိုဘာလ ၁၅ ရက် နံနက် ၁ နာရီခွဲက ဘုရားကိုင်ရပ်ကွက် နတ်မော်ကျောင်းလမ်းရှိ နေအိမ်တစ်ဆောင်တွင် ဆိုင်ကယ်တစ်စီး ခိုးယူခံရ‌ကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောဆိုသည်။

“လူတွေက အပေါ်ထပ်မှာ နေကြတာ။ အောက်ထပ်က ဆိုင်ကယ်အခိုးခံလိုက်ရတာပါ။ လိုင်စင်စာအုပ်တွေပါ ပါသွားတယ်” ဟု ကာယကံရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ခြေတိုင်ရှည်နေအိမ်၏ အောက်ထပ်တွင် သော့ခေတ်ထားသည့် ၂၀၁၆ ခုနှစ်ထုတ် ကလစ် အဖြူရောင်ဆိုင်ကယ် အခိုးရခံရခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် ယနေ့ အောက်တိုဘာလ ၁၈ ရက်‌ နံနက် ၁နာရီခွဲက ပါရမီရပ်ကွက်ရှိ နေအိမ်တစ်ဆောင်ဖောက်ထွင်းခံရပြီး လက်ကိုင်ဖုန်းလေးလုံးနှင့် ရွှေတစ်မတ်သားရှိ နားကပ်တစ်ရံတို့ပါသွားကြောင်း ပါရမီရပ်ကွက်နေသူ အချို့က ပြောဆိုသည်။

အဆိုပါ နေအိမ်လမ်းရှိ CCTV မှတ်တမ်းအရ ဖောက်ထွင်းသူသည် အသက် ၂၀ နှစ်ကျော် လူငယ်အမျိုးသား တစ်ဦးဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အလားတူ အောက်တိုဘာလ ပထမအပတ်က ရွှေပြည်တန်ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင်းသို့ ဝင်ရောက်ပြီး အားသွင်းထားသည့် လက်ကိုင်ဖုန်းသုံးလုံးအား ခိုးယူသွားကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။

အောက်တိုဘာလ ပထမအပတ်မှာပင် အဆိုပါရပ်ကွက်က နောက်နေအိမ်တစ်ဆောင်ရှိ ရေစုပ်စက်တွင် တပ်ဆင်ထားသည့် လေအိုးတစ်လုံး အခိုးခံရကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။

“အခုတလော သူခိုးတွေ အတော်သောင်းကျန်းနေတာတော့ အမှန်ပဲ။ ခိုးတဲ့သူတွေက ဆိုင်ကယ်နဲ့လာပြီး ခိုးကြတာ။ ခိုးပြီး ဆိုင်ကယ်နဲ့ လစ်ပြေးတာပေါ့” ဟု ရွှေပြည်တန်ရပ်ကွက်နေသူတစ်ဦးက ပြောဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြိတ်တွင် ဖုန်းလုခြင်း၊ ဆိုင်ကယ်အခိုးခံရခြင်း၊ နေအိမ်နှင့်ဆိုင်တို့၌ နေ့ခင်းဘက် လူလစ်သည့်အချိန်တို့တွင် တန်ဖိုးရှိပစ္စည်းများ ဝင်ခိုးခြင်း၊ အိမ်အတွင်း ဓားဖြင့် ခြိမ်းခြောက်ကာ လုယက်ခြင်း စသဖြင့် ခိုးဆိုးလုယက်မှုများ မကြာမကြာ ဖြစ်ပေါ်လာနေကြောင်း မြို့ခံအချို့က ဆိုသည်။