ဂါဇာအလယ်ပိုင်းရှိ ဆေးရုံ လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် တင်းမာမှုများ မြင့်တက်နေချိန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယနေ့တွင် အစ္စရေးနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
အစ္စရေးနှင့်အတူ ရပ်တည်ကြောင်း ပြသလိုသဖြင့် သမ္မတဂျိုးဘိုင်ဒင်က ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဂျော်ဒန်နိုင်ငံတွင် အာရပ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန်စီစဉ်ခဲ့သော်လည်း ဂါဇာဆေးရုံတိုက်ခိုက်ခံရမှုကြောင့် ပျက်သွားခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဆေးရုံပေါက်ကွဲမှုအတွက် ဝမ်းနည်း၍ ဒေါသထွက်ရကြောင်းနှင့် “တခြားအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း” အစ္စရေးဝန်ကြီးချုပ်ကို ပြောကြားခဲ့သည်။
အန်ဂလီယန် ခရစ်ယာန်အသင်းက ဖွင့်ထားသော Al-Ahli Arab ဆေးရုံတိုက်ခိုက်ခံရမှုကြောင့် ဒုက္ခသည်များအပါအဝင် လူနာများနှင့် ကလေးငယ်များ ၅၀၀ ကျော်အထိ သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းက ထုတ်ပြန်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကို အစ္စရေးဘက်က ၎င်းတို့လုပ်ရပ်မဟုတ်ဘဲ ဂျီဟတ်အဖွဲ့၏ လုပ်ရပ်ဟု စွပ်စွဲထားပြီး ဂျီဟတ်အဖွဲ့က အဆိုပါစွပ်စွဲမှုကို ငြင်းဆိုထားသည်။
အစ္စရေး-ဟားမတ်စ်အရေးကြောင့် အစ္စရေးဘက်တွင် သေဆုံးသူ ၁၄၀၀ ကျော်ရှိခဲ့ပြီး ဆေးရုံတိုက်ခိုက်ခံရပြီးနောက် ဂါဇာဘက်တွင် သေဆုံးသူ ၃၃၀၀ ကျော်ရှိလာပြီဖြစ်သည်။
Ref: REUTERS, AP