BREAKING
February 27, 2025

မြိတ်တွင် ယနေ့နံနက် ယာဉ်တိုက်မှုနှစ်ခုဖြစ်ပြီး အမျိုးသားသုံးဦးသေဆုံး

October 18, 2023

ပုံစာ- ရွှေပေးလမ်းမကြီးပေါ်တွင် ယနေ့ နံနက်ပိုင်းက ဖြစ်ပွားသည့် ယာဉ်တိုက်မှု။

မြိတ်မြို့တွင် ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ယာဉ်တိုက်မှုနှစ်ခုဖြစ်ပွားပြီး အမျိုးသားသုံးဦး သေဆုံးကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။

မြိတ်မြို့ ရွှေပေးလမ်းမကြီး (မြိတ်-ကျွဲကူးကားလမ်းမပေါ်) တွင် နံနက် ၈နာရီက ဘေးတွဲဆိုင်ကယ်က သုံးဘီးနှင့် ဆိုင်ကယ်တစ်စီးတို့အား ဝင်တိုက်ခဲ့ကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။

“ဘေးတွဲက အရှိန်နဲ့မောင်းလာပြီး‌တော့ တစ်ဖက်ယာဉ်ကြောက သုံးဘီးနှင့် ဆိုင်ကယ်ကို ဝင်တိုက်သွားတာ” ဟု နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ တိုက်မိပြီး ဘေးတွဲဆိုင်ကယ်တွင် လိုက်ပါလာသည့် အမျိုးသားသုံးဦးအနက် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးကြောင်း ၎င်းက ဆိုသည်။

“နောက်တစ်ယောက်က ဆေးရုံရောက်မှ ဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။

ဘေးတွဲဆိုင်ကယ်မောင်းသူအပါအဝင် ထိခိုက်ဒဏ်ရာရသူတို့အား မြိတ်ဆေးရုံကြီးသို့ တင်ပို့ခဲ့ပြီး အသက် ၂၅ နှစ်ရှိ အမျိုးသားတစ်ဦးမှာ ဆေးရုံတွင် သေဆုံးကြောင်း ၎င်းက ပြောဆိုသည်။

ထို့အပြင် နံနက် ၉ နာရီက နောက်လယ်ရပ်ကွက်တွင် သုံးဘီးအကြီး (တုတ်တုတ်) နှင့် ဆိုင်ကယ်တစ်စီးတို့ တိုက်မိခဲ့ကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။

“ဆိုင်ကယ်မောင်းသမားက တုတ်တုတ်အောက်ရောက်သွားတယ်။ ပွဲချင်းပြီးပဲ” ဟု နာရေးကူညီမှုအသင်းဝင်တစ်ဦးက ပြောသည်။

လူလတ်ပိုင်းအရွယ် ဆိုင်ကယ်မောင်းသူမှာ သေဆုံးပြီး ဆိုင်ကယ်အနောက်တွင် လိုက်ပါသူတစ်ဦးမှာ နားရွက်ပြတ်ဒဏ်ရာအပါအဝင် ဒဏ်ရာအချို့ရကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုတို့ကြောင့် သေဆုံးသူတို့အား စစ်ဆေးရုံရှိ ရင်ခွဲရုံနှင့် ဒဏ်ရာရသူအချို့တို့အား မြိတ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်း နာရေးကူညီမှု အသင်းတို့မှ သိရသည်။