BREAKING
December 24, 2024

ရာသီဥတုပြောင်းလဲမှုနဲ့ အရှေ့တောင်အာရှရဲ့ ဆိတ်မုန်တိုင်း

September 18, 2024

ဓာတ်ပုံ​ - getty image

အိန္ဒိယသမုဒ္ဒရာ ၊ တောင်တရုတ်ပင်လယ်၊ ပစိဖိတ်သမုဒ္ဒရာတို့လို ပူနွေးတဲ့ ပင်လယ်ရေထုကြီး ဝိုင်းပတ်ခြံရံထားတဲ့ ‘အရှေ့တောင်အာရှ’ ဆိုတဲ့ ဒေသဟာ လွန်ခဲ့တဲ့ အပတ်ကနေစပြီး အင်မတန်ခွန်အားကြီးတဲ့ ဆိတ်ကြီးတစ်ကောင်ရဲ့ မွှေ့ယမ်းဖျက်ဆီးမှုကို ခံလိုက်ရပါတယ်။

မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဒေသတွင်း နိုင်ငံတွေမှာ လူသိန်းနဲ့ချီ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီး လူပေါင်း ၆၀၀ ဝန်းကျင် သေဆုံးခဲ့ရပါတယ်။

ဒါဟာ ဂျပန်ဘာသာစကားနဲ့ ‘ဆိတ်’ လို့ အဓိပွါယ်ရတဲ့ ‘ယာဂိ’မုန်တိုင်းရဲ့ ချိုစောင်းထက်ပုံပါပဲ။

‘ယာဂိ’ရဲ့ နောက်ဆက်တွဲ ရေဘေးကြောင့် မြန်မာနိုင်ငံတစ်ခုတည်းမှာတင် သေဆုံးသူ ရာဂဏန်(အတိအကျမရသေး)အထိ ရောက်နေပါပြီ။ ဗီယက်နမ်၊ လာအို ၊ ထိုင်း ၊ ဖိလစ်ပိုင်နဲ့ တရုတ်တောင်ပိုင်းဒေသတွေမှာ လူသေဆုံးမှုတွေ ရှိခဲ့ပြီး အခြေခံအဆောက်အအုံတွေ များစွာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

‘ယာဂိ’တိုင်ဖွန်းမုန်တိုင်းဟာ အာရှရဲ့ တစ်နှစ်တာအားအပြင်းဆုံးမုန်တိုင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ကမ္ဘာတစ်ခုလုံးနဲ့ ယှဉ်ကြည့်လိုက်ရင်လည်း တစ်နှစ်တာကမ္ဘာ့ဒုတိယ အားအပြင်းဆုံးမုန်တိုင်းအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။

အာရှရဲ့ အားအပြင်းဆုံး မုန်တိုင်းဖြစ်ပေါ်လာပုံ

တိုင်ဖွန်းမုန်တိုင်း’ယာဂိ’ဟာ စက်တင်ဘာ ၁ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ အနောက်ဘက်က ပင်လယ်ထဲမှာ အပူပိုင်းမုန်တိုင်းတစ်ခုအဖြစ် စတင်အားယူပေါက်ဖွားလာခဲ့ပါတယ်။

နောက်တစ်နေ့ စက်တင်ဘာ ၂ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ ကုန်းတွင်းပိုင်းကို ရောက်တဲ့အချိန်မှာ အပူပိုင်းမုန်တိုင်းတွေရဲ့ ထုံးစံအတိုင်း အားပျော့သွားပါတယ်။

ဒါပေမဲ့ တောင်တရုတ်ပင်လယ်ပြင်က သာမန်နဲ့မတူ ပူနွေးတဲ့ ပင်လယ်ရေကြောင့် မုန်တိုင်းဟာ တဖန်ပြန်ပြီး အားကောင်းလာခဲ့ပြန်တယ်။ စက်တင်ဘာ ၄ ရက်နေ့မှာတော့ Category 3 အဆင့်ရှိတဲ့ အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခုအဖြစ် အင်အားစုဆောင်း အသွင်ပြောင်းသွားခဲ့ပါတယ်။

နောက်တစ်ရက်မှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ ၂၆၀ ကီလိုမီတာအထိ ရှိတဲ့ Category 5 အဆင့်ဝင် တိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာခဲ့ပါတယ်။ မှတ်တမ်းတွေအရ တောင်တရုတ်ပင်လယ်ပြင်မှာ Category 5 အဆင့်ဝင် တိုင်ဖွန်းမုန်တိုင်း လေးကြိမ်ပဲ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

စက်တင်ဘာ ၆ ရက်နေ့မှာ ‘ယာဂိ’တိုင်ဖွန်းမုန်တိုင်းက တစ်နာရီ ၂၂၃ ကီလိုမီတာ လေတိုက်နှုန်းနဲ့ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းကို ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

နောက်တစ်နေ့မှာ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဒေသက အဓိကပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဟိုင်ဖွန်မြို့ကို အရှိန်အဟုန်ပြင်းပြင်း ဝင်ရောက်တိုက်ခတ် မွှေနှောက်ခဲ့ပါတယ်။ ‘ယာဂိ’ဟာ ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း ဗီယက်နမ်ကို အားအပြင်းဆုံးတိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲကတစ်ခုလို့ သတ်မှတ်ခံလိုက်ရပါတယ်။

မုန်တိုင်းအရှိန်နဲ့ နောက်ဆက်တွဲရေဘေးကြောင့် သေဆုံးသူဦးရေ ရာနဲ့ချီရှိသလို ထိခိုက်သေကြေပျောက်ဆုံးခဲ့ရပါတယ်။ အခြေခံအဆောက်အအုံနဲ့ လမ်း၊ တံတားတွေ ထိခိုက်ပျက်စီးပြီး စီးပွားရေးအရ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံအထိ ထိခိုက်ဆုံးရှုံးခဲ့ရပါတယ်။

နောက်ပိုင်းမှာ ‘ယာဂိ’ဟာ အပူပိုင်းမုန်တိုင်းငယ်တစ်ခုအဖြစ် အရှိန်လျော့သွားခဲ့ပါတယ်။

ဒါပေမဲ့ မုန်တိုင်းရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း ၊ လာအိုနဲ့ မြန်မာနိုင်ငံတွေမှာ ရေဘေးဒဏ်နဲ့ နပန်းလုံးလာရပါတယ်။

ရေဘေးသင့်မြန်မာ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက အထွေထွေအကျပ်အတည်းထဲ ကျရောက်နေတဲ့ စစ်ဘေးသင့် မြန်မာနိုင်ငံအတွက် ‘ယာဂိ’သယ်ဆောင်လာတဲ့ ရေဘေးဒဏ်ဟာ ‘ဗူးလေးရာ ဖရုံဆင့်’လိုက်သလိုပါပဲ။ အနည်းဆုံး လူ ၂၃၆ ဦး သေဆုံးပြီး ၇၇ ဦးခန့် ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂပူးပေါင်းဆောင်ရွက်ရေးရုံး(OCHA) ကတော့ သေဆုံးသူအရေအတွက်ဟာ အခုထက်ပိုများနိုင်တယ်လို့ ဆိုပြီး လူဦးရေ ၆၃၁,၀၀၀ ခန့်ဟာ ရေဘေးဒဏ်ကို ခံစားနေရတယ်လို့ ခန့်မှန်းထားပါတယ်။

အိမ်နီးချင်းတိုင်းပြည်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးအင်အားစုတွေ ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး အကူအညီလိုအပ်နေသူတွေဆီ အကူအညီပေးပို့နိုင်ဖို့ အင်မတန်အရေးကြီးတဲ့အချိန်ဖြစ်နေပြီလို့ လွတ်လပ်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့အရေးအထူးအကြံပေးကောင်စီ(SAC-M)က‌ ပြောပါတယ်။

“မြန်မာစစ်အုပ်စုဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရလည်း မဟုတ်သလို de facto အစိုးရ (အုပ်ချုပ်ရေးယန္တရားများဖြင့် နယ်မြေများကို စိုးမိုးထားနိုင်သည့် အစိုးရ) လည်း မဟုတ်ဘူး။ သူတို့က သေရေးရှင်ရေးတမျှ အကူအညီလိုအပ်နေတဲ့ လူအများစုဆီ အကူအညီတွေ ပေးပို့ဖို့ စိတ်ဆန္ဒလည်း မရှိသလို လုပ်နိုင်စွမ်းလည်း မရှိဘူး” လို့သူတို့က ဆိုပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေဟာ အတိတ်က နာဂစ်မုန်တိုင်းကာလနဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ မိုခါမုန်တိုင်းကာလတွေမှာ နိုင်ငံတကာအကူအညီတွေကို ငြင်းဆန်ခဲ့ဖူးပေမယ့် အခုတစ်ကြိမ် ‘ယာဂိ’ရေဘေးသင့်ကာလမှာတော့ နိုင်ငံတကာအကူအညီတွေကို ရှားရှားပါးပါး တောင်းဆိုလာပါတယ်။

မြန်မာ့အရေးအထူးအကြံပေးကောင်စီ (SAC-M) ကတော့ အခုလို ပြောပါတယ်။

“မြန်မာစစ်တပ်ဟာ မြန်မာပြည်ရဲ့ နဂိုရှိရင်းစွဲလူသားဘဝ အကျပ်အတည်းကို ဖန်တီးထားသူတွေ ဖြစ်တယ်။ မြန်မာပြည်သူတွေကို ချနင်းပြီး သူ့ရဲ့စစ်ရေးနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ရှေ့ဆက်အကောင်အထည်ဖော်ဖို့ လူသားချင်းစာနာထောက်ထားမှု အကူအညီခေါင်းစဉ်အောက်ကနေ နိုင်ငံတကာတာဝန်ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံနိုင်အောင် ကြိုးစားလိမ့်မယ်”

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေ ဘယ်လို ဖြစ်ပေါ်လေ့ရှိလဲ

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေ မွေးဖွားလာအောင် သဘာဝစနက်တံကို မီးရှို့ပေးတဲ့ လက်သည်တရားခံကတော့ သမုဒ္ဒရာမျက်နှာပြင်ပေါ်က ပူနွေးစိုစွတ်တဲ့ လေထုပဲ ဖြစ်ပါတယ်။

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေဟာ အီကွေတာအနီးက ပူနွေးစိုစွတ်တဲ့ သမုဒ္ဒရာရေမျက်နှာပြင်ပေါ်ကနေ စတင်သန္ဓေတည်လေ့ ရှိပါတယ်။

သမုဒ္ဒရာရေမျက်နှာပြင်ပေါ်က ပူနွေးစိုစွတ်တဲ့ လေတွေ အပေါ်ကို မြင့်တက်လာတဲ့အချိန်မှာ သူ့ရဲ့အောက်မှာ လေဖိအားနည်းတဲ့ လေထုရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာပါတယ်။

ဒီအချိန်မှာ အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ လေဖိအားများတဲ့ လေတွေက ခုနက ဖြစ်ပေါ်လာတဲ့ ဖိအားနည်းလေထုရပ်ဝန်းထဲကို အလျှင်အမြန်အစားထိုးဝင်ရောက် နေရာယူကြပါတယ်။

အခုလို အစားထိုးဝင်ရောက်နေရာယူလာတဲ့ လေတွေကလည်း တဖြည်းဖြည်းနဲ့ သမုဒ္ဒရာရေမျက်ပြင်ကနေ အပေါ်ကို ပူနွေးစိုစွတ်လာပြီး အပေါ်ကို မြင့်တက်သွားပြန်ပါတယ်။

အပေါ်ကို မြင့်တက်လာတဲ့ ပူနွေးစိုစွတ်တဲ့ လေထုဟာ အပေါ်ကို ရောက်လာတဲ့အချိန်မှာ အေးမြလာပါတယ်။

အေးမြလာတဲ့ အဆိုပါ လေထုထဲက အစိုဓာတ်က တိမ်တိုက်နဲ့ မိုးသက်မုန်တိုင်းတွေကို ဖန်တီးလာပါတယ်။ အခုလိုမျိုး သံသရာလည်နေတဲ့ အပူပိုင်းသမုဒ္ဒရာထဲက သဘာဝဖြစ်စဉ်ကနေ မွေးဖွားလာတဲ့ မိုးတိမ်တွေ ၊ မိုးသက်မုန်တိုင်းတွေဟာ သမုဒ္ဒရာရဲ့ အပူချိန်ကို စုပ်ယူပြီး အားကောင်းလာပါတယ်။ သမုဒ္ဒရာရေမျက်နှာပြင်ပေါ်ကနေ အငွေ့ပြန်တဲ့ ရေငွေ့ကို အားပြုပြီး အားကောင်းပြင်းထန်လာပါတယ်။

မုန်တိုင်းတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တစ်ယောက်က အခုလို ရှင်းပြပါတယ်။

“အားအပျော့ဆုံး အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေကို အပူပိုင်းမုန်တိုင်းငယ်( Tropical Depression) လို့ ခေါ်တယ်။ အပူပိုင်းမုန်တိုင်းငယ်တစ်ခု အားကောင်းလာပြီး သူ့ရဲ့ အမြင့်ဆုံးလေတိုက်နှုန်းက တစ်နာရီ ၆၃ ကီလိုမီတာနှုန်းအထိ ရောက်လာရင် အဲဒီအပူပိုင်းဆိုင်ကလုန်းဟာ အပူပိုင်းမုန်တိုင်း(Tropical Storm) တစ်ခု ဖြစ်လာတယ်”

လေတိုက်နှုန်း တစ်နာရီ ၁၁၉ ကီလိုမီတာနဲ့ အထက်ရှိတဲ့ မုန်တိုင်းတွေကိုတော့ ဟယ်ရီကိန်း ၊ တိုင်ဖွန်း ၊ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေလို့ သတ်မှတ်ပါတယ်။

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတစ်ခုရဲ့ အမျိုးအစားကို သူ့ရဲ့ လေတိုက်နှုန်းအပေါ် မူတည်ပြီး ခွဲခြားသတ်မှတ်ပါတယ်။ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေကို အမျိုးအစား ၅ မျိုး ခွဲခြားသတ်မှတ်ပါတယ်။

အဆင့် ၁ အမျိုးအစား စာရင်းဝင် အင်အားအပျော့ဆုံး အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေဟာ လေတိုက်နှုန်း တစ်နာရီ ၁၁၉ ကီလိုမီတာကနေ ၁၅၃ ကီလိုမီတာအထိ ရှိပါတယ်။

အဆင့် ၅ စာရင်းဝင် အင်အားအပြင်းဆုံးအပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေဟာ လေတိုက်နှုန်း တစ်နာရီ ၂၅၂ ကီလိုမီတာနဲ့ အထက်ရှိပါတယ်။ အဆင့် ၃ နဲ့ အထက်မှာ ရှိတဲ့မုန်တိုင်းတွေဟာ ကြီးကြီးမားမား ဖျက်ဆီးမွှေနှောက်ပစ်နိုင်စွမ်းရှိတာကြောင့် အဓိကဆိုင်ကလုန်းမုန်တိုင်းတွေလို့ သတ်မှတ်ခံရပါတယ်။

ရာသီဥတုပြောင်းလဲမှုက အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေကို ပိုဆိုးစေသလား

ရာသီဥတုပြောင်းလဲမှုက အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေရဲ့ သဘာဝကို ဘယ်လောက်အထိ တိတိကျကျ ရိုက်ခတ်သလဲဆိုတဲ့ မေးခွန်းအပေါ် သိပ္ပံပညာရှင်တွေအကြားမှာ အခုထိ ဘုံသဘောတူညီတဲ့ အဖြေတစ်ခု မရသေးပါဘူး။

ဘာကြောင့်လဲဆိုတော့ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပုံ ၊ အားကောင်းလာပုံ ၊ မုန်တိုင်းရဲ့ ပြင်းအား ၊ မုန်တိုင်းတိုက်ခတ်မှုကြာချိန်နဲ့ မုန်တိုင်းရဲ့ အခြားသော ယေဘုယျဝိသေသလက္ခဏာတွေအပေါ် ရိုက်ခတ်ဆုံးဖြတ်ပေးတဲ့ အရင်းခံအကြောင်းတရားတွေက များစွာ ရှိနေလို့ပါပဲ။

ဒါပေမဲ့ သိပ္ပံပညာရှင်တွေ တညီတညွတ်တည်း လက်ခံထားတဲ့ စိုးရိမ်စရာ အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ ကမ္ဘာကြီးပူနွေးမှု ပိုဆိုးရွားလာတာနဲ့အမျှ တစ်ဆက်တည်းဆိုသလို အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေက ပိုအားပြင်းဖျက်အားမြင့်လာမယ်ဆိုတဲ့ အချက်ပါပဲ။

အခုနှစ် ဇူလိုင်လမှာ ထုတ်ဝေခဲ့တဲ့ ‘Climate and Atmospheric Science’ ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ရပ်က မီးမောင်းထိုးပြထားတာ ရှိပါတယ်။ အဲဒါကတော့ အရှေ့တောင်အာရှက အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတွေ အစပြုဖြစ်ပေါ်တဲ့ နေရာဟာ ကမ်းရိုးတန်းဒေသတွေနဲ့ ပိုနီးကပ်လာနေတယ်၊ မုန်တိုင်းတွေဟာ ပိုပြီးမြန်မြန်ဆန်ဆန် အားကောင်းလာနေတယ်။ ကုန်းတွင်းပိုင်းထဲ ဝင်ရောက်တဲ့ ကြာချိန် ပိုများလာနေတယ်ဆိုတဲ့ အချက်တွေပါပဲ။

ဘာကြောင့် ဒီလို ဖြစ်ရတာလဲ

အဓိကအားဖြင့် ကမ္ဘာကြီးပိုပူနွေးလာမှုပြီး တစ်ဆက်တည်းဆိုသလို ကမ္ဘာ့သမုဒ္ဒရာရေမျက်နှာပြင်ရဲ့ အပူချိန်ပိုမြင့်တက်လာမယ့်အရေးကြောင့် ဖြစ်နိုင်ပါတယ်။

ကမ္ဘာကြီးရဲ့ ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ ၁၈၅၀ ခုနှစ်တုန်းကထက် (၀.၉) ဒီဂရီဆဲလ်စီးယပ်စ်နီးပါးအထိ မြင့်တက်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့အနှစ်လေးဆယ်အတွင်းမှာပဲ (၀.၆) ဒီဂရီဆဲလ်စီးယပ်စ်ဝန်းကျင် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ပိုမြင့်မားလာတဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်တွေဟာ ပင်လယ်သမုဒ္ဒရာထဲမှာ အဏ္ဏဝါအပူလှိုင်းတွေကို ဖြစ်ပေါ်စေပါတယ်။ သမုဒ္ဒရာထဲမှာ ဒီလိုအပူလှိုင်းတွေ ဖြစ်ပေါ်တာမျိုးဟာ ပြင်းထန်အစွန်းရောက်တဲ့ ရာသီဥတုအခြေအနေတစ်ခုလို့ ဆိုရပါမယ်။

ဒီလိုအဏ္ဏဝါအပူလှိုင်းတွေဟာ ဟယ်ရီကိန်းနဲ့ အပူပိုင်းဆိုင်ကလုန်းလို မုန်တိုင်းမျိုးတွေကို ပိုပြင်းထန်အားကောင်းစေပြီး ဖျက်ဆီးနိုင်စွမ်း ပိုမြင့်စေပါတယ်။

ပိုမြင့်မားလာတဲ့ အပူချိန်ဟာ သမုဒ္ဒရာထဲမှာ ရေငွေ့ပြန်နှုန်းကို ပိုမြန်စေပြီး သမုဒ္ဒရာကနေ လေထုထဲ အပူထုတ်လွှတ်ကူးပြောင်းပေးတဲ့နှုန်းကိုလည်း ပိုမြန်ဆန်စေပါတယ်။

မုန်တိုင်းတွေက အပူချိန်မြင့်မားတဲ့ သမုဒ္ဒရာတွေကို ဖြတ်သန်းတိုက်ခတ်ရတဲ့အချိန်မှာ ဒီမုန်တိုင်းတွေဟာ သမုဒ္ဒရာရေငွေ့နဲ့ အပူဓာတ်ကို ပိုများများစားစား စုဆောင်းရရှိပါတယ်။

ရလဒ်အနေနဲ့ မုန်တိုင်းတွေက လေတိုက်နှုန်းပိုအားကောင်းပြင်းထန်လာပါတယ်။ ပိုသည်းထန်တဲ့ မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်စေလာပါတယ်။ မုန်တိုင်း ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်တဲ့အချိန်မှာ ရေလွှမ်းမိုးမှုဘေးအန္တရာယ်တွေကို ပိုဖြစ်စေလာပါတယ်။

စစ်ပွဲတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ လူသားတွေ ရှုံးနိမ့်နေမယ့် စစ်ပွဲတစ်ပွဲက အမြဲရှိနေဦးမှာပါပဲ။ အဲဒါကတော့ လူသားနဲ့ သဘာဝဘေးအန္တရာယ်ကြားက စစ်ပွဲပဲ ဖြစ်ပါတယ်။