BREAKING
September 19, 2024

ရနောင်းမှ မြန်မာရေလုပ်သားတစ်ဦး ဘတ် ၆ သန်းထီပေါက်

September 18, 2024

ဓာတ်ပုံ - MHAC မဟာမိတ်အဖွဲ့

ထိုင်းထီအမြင့်ဆုံးဆုဖြစ်သည့် ပထမဆုကို မြန်မာနိုင်ငံသား ရေလုပ်သားတစ်ဦးက ကံထူးခဲ့ပြီး ဘတ် ၆ သန်းထီပေါက်ခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၆၀၈၆၆၂ တွင် ခြောက်လုံးတိုက် ပထမဆု ဘတ် ၆ သန်းကို မြန်မာရေလုပ်သားက ကံထူးခဲ့ခြင်းဖြစ်သည်။

ကံထူးခဲ့သော မြန်မာနိုင်ငံသားသည် ထိုင်းနိုင်ငံ ရနောင်းမြို့တွင် နှစ်ပေါင်း ၂၀ ကြာ ရေလုပ်သားအဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ထီပေါက်သူသည် ထီဖွင့်သောနေ့တွင် ထီသုံးစောင်ဝယ်ခဲ့ပြီး ယင်းတို့အနက် တစ်စောင်က ဘတ် ၆ သန်းဆုကို ကံထူးခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

ထီပေါက်ခဲ့ပြီးနောက် ဆုငွေများထုတ်ယူပေးရန် MHAC မဟာမိတ်အဖွဲ့ထံသို့ အကူအညီတောင်းခံခဲ့သဖြင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဆုငွေအပြီးထုတ်ယူနိုင်ခဲ့ပြီး ထီပေါက်သူလက်ဝယ် ပေးအပ်ပြီးဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ပြောသည်။

“ထိုင်းရောက်မြန်မာတွေ ဒီနှစ် သိပ်ကံကောင်းနေတယ်။ ဩဂုတ်လနဲ့ စက်တင်ဘာ နှစ်လထဲတောင် ဘတ် ၆ သန်းဆုပေါက်တဲ့သူတွေက အကူအညီလာတောင်းလို့ ရုံးကနေ လိုက်ထုတ်ပေးနေတာ သုံးကြိမ်တောင်ရှိခဲ့ပြီ” ဟု အဖွဲခေါင်းဆောင် ကိုရဲမင်းက ဆိုသည်။

ထီပေါက်သော မြန်မာရေလုပ်သားသည် ရခိုင်ပြည်နယ် ကျောက်ဖြူဇာတိဖြစ်ပြီး ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

ထီပေါက်ခဲ့ပြီးနောက် မြန်မာရေလုပ်သားသည် အခြားစီးပွားရေးတစ်ခုလုပ်ရန် စီစဉ်ထားသည်ဟု အဖွဲ့ထံသို့ ပြောဆိုထားကြောင်း ကိုရဲမင်းက ဆိုသည်။

ကိုရဲမင်းဦးဆောင်သော အလုပ်သမားအဖွဲ့အစည်းမှတစ်ဆင့် ထိုင်းထီပထမဆုကို ကူညီထုတ်ယူပေးနေသည်မှာ ၅၃ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သော စက်တင်ဘာလ ၁ ရက်နေ့ကကလည်း မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦးက ဘတ် ၆ သန်းထီပေါက်ခဲ့သဖြင့် ယခုလအတွင်း ဘတ် ၆ သန်းကို မြန်မာနိုင်ငံသားများ နှစ်ကြိမ်ဆက်တိုက် ပေါက်ခဲ့ခြင်းဖြစ်သည်။