BREAKING
February 27, 2025

မြိတ်တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီး၍ဟုဆိုကာ စစ်ကောင်စီက သေနတ်ဖြင့်ပစ်

September 18, 2023

မြိတ်မြို့ မြို့သစ်ရပ်ကွက်တွင် ယနေ့ (စက်တင်ဘာ ၁၈) ညနေ ၆ နာရီဝန်းကျင်က အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးသဖြင့် စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ယင်းရပ်ကွက်နေသူအချို့ထံမှ သိရသည်။

“ပစ်ခံထိတာကတော့ သေချာတယ်၊ သေမသေတော့ မသိရဘူး” ဟု မြို့သစ်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

အပစ်ခံရသည့်အချိန်သည် ညနေအလုပ်ဆင်းချိန်ဖြစ်ပြီး စစ်ကောင်စီက အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးလာပါက မော်တော်ယာဉ်ဖြင့် လိုက်လံဖမ်းဆီးနေကြောင်း မြို့သစ်ရပ်ကွက်နေသူအချို့က ဆိုသည်။

“အခုရက်ပိုင်းမှပဲ ကားတွေနဲ့ လိုက်တိုက်ပြီး ဖမ်းနေကြတာ၊ အမိန့်လည်း ပြန်ထုတ်ထားတယ်” ဟု ဆိုင်ကယ် တက္ကဆီ မောင်းနှင်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့်ရက်ပိုင်းခန့်က အမျိုးသားနှစ်ဦးဆိုင်ကယ်အတူစီးပါက ဆိုင်ကယ်ကို ဖမ်းဆီးသိမ်းဆည်းမည်ဖြစ်ပြီး ဒဏ်ငွေဖြင့် သတ်မှတ်ရုံးချိန်တွင် ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ထွက်ပြေးပါက ပစ်ခတ်ဖမ်းဆီးမည်ဖြစ်ကြောင်းကို ထုတ်ပြန်ထားကြောင်း ၎င်းက ဆိုသည်။

မြိတ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းမှစပြီး အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးခွင့်ကို စစ်ကောင်စီဘက်က တားမြစ်ချက်ထုတ်ပြန်ထားသည်။

“အခု မဖမ်းတာ လနဲ့ချီအတော်ကြာနေပြီ၊ အခုမှ အမိန့်ပြန်ထုတ်ပြီး ပြန်ဖမ်းနေကြတာ” ဟု မြို့ခံတစ်ဦးက ပြောသည်။

ဆိုင်ကယ်စီးလျှင် အမျိုးသားတစ်ဦးတည်း (သို့) ဆိုင်ကယ်စီးသူ အမျိုးသားတစ်ဦးနှင့် နောက်မှ ထိုင်လိုက် သူ အမျိုးသမီးတစ်ဦး အတူတူတွဲစီးခြင်း၊ အမျိုးသမီးနှစ်ဦးတွဲ၍ စီးခြင်းတို့ကိုသာ ခွင့်ပြုထားသည်။

ယင်းကဲ့သို့ ထုတ်ပြန်ပြီးနောက် ရပ်ကွက်အတွင်း မော်တော်ယာဉ်တို့ဖြင့် ရှောင်တခင် လှည့်လည်ဖမ်းဆီးပြီး ဆိုင်ကယ်တစ်စီးလျှင် ကျပ်ခုနှစ်သောင်း၊ တစ်သိန်းခွဲ စသဖြင့် ဒဏ်ရိုက်ပြီး ပြန်လည်လွှတ်ပေးလေ့ရှိခဲ့ ကြောင်း ဆိုယ်ကယ်အငှားယာဉ်မောင်းသူအချို့က ပြောပြသည်။

ယင်းအပြင် မကြာမကြာ လှည့်လည်ဖမ်းဆီးလေ့ရှိပြီး ထွက်ပြေးပါက သေနတ်ဖြင့် ပစ်ခတ်လေ့ရှိကြောင်း မြို့ခံအချို့က ဆိုသည်။